Boxing ဒါမှမဟုတ် Martial Arts ကစားသမားတွေ ကဲ့သို့ မာကျောကျစ်လစ်တဲ့ လက်သီးတွေ ပိုင်ဆိုင်ချင်ပါသလား။ ဒါဆိုရင်တော့ အဓိကအားဖြင့် ကွီးတို့ရဲ့ လက်ကောက်ဝတ် ၊ လက်ဆစ်တွေကို ကြံ့ခိုင်မာကျောအောင် လေ့ကျင့်ကစားပေးဖို့ လိုပါမယ်။ လက်ဆစ်တွေကို ကျစ်လစ်မာကျောစေတာဟာ လက်သီး တွေကို သန်မာစေပြီး မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လက်သီး နဲ့ လက်ကောက်ဝတ်တွေ ကျစ်လစ်သန်မာလာအောင် လေ့ကျင့်ကစားနိုင်မယ့် လေ့ကျင့်ခန်း တချို့ကို မျှဝေပေးချင်ပါတယ်။
နည်းလမ်း (၁)
Photo : Baseball Training World
ဒီနည်းလမ်းကတော့ ဆန်ပုံးထဲကို လက်ထည့်ပြီး လေ့ကျင့်ကစားပေးရမှာပါ။ ဆန်အပြည့်ထည့်ထားတဲ့ ပုံးတစ်ပုံးထဲကို လက်ထိုးထည့်ပြီး လက်ထဲမှာ ဆန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ပေးရပါမယ်။ လက်ကောက်ဝတ် အရိုးအဆစ်တွေကို သန်မာစေဖို့ လက်ဆစ်ကို ဆန်ပုံးထဲမှာ နာရီလက်တံအတိုင်း လှည့်ပေးပါ။ ထို့နောက် နာရီလက်တံပြောင်းပြန် ပြန်လှည့်ပေးရပါမယ်။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၄ ကြိမ် နဲ့ ၁ ကြိမ်စီမှာ လက်တစ်ဖက်စီကို အကြိမ်ရေ ၁၀ ကျော့ ၊ ၃ ခေါက်လောက် လုပ်ပေးပါ။ ဒီနည်းစနစ်က လက်ဆစ်တွေကို သန်မာအောင်ထိန်းညှိပေးပြီး လက်ကောက်ဝတ် အဆစ်တွေကို ဖွံ့ဖြိုးသန်မာစေဖို့ ကူညီပေးပါလိမ့်မယ်။
နည်းလမ်း (၂)
Photo : Men’s Health
ဒီနည်းလမ်းကိုတော့ Boxing သမားနဲ့ Martial Arts ကစားသမားတိုင်း ပြုလုပ်လေ့ရှိပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်နည်းကတော့ ပုံမှန်ပြုလုပ်နေကျ ဒိုက်ထိုး Pushups ကစားနည်းပါ။ ဒါပေမယ့် ကြမ်းပြင်ပေါ် လက်သီး ထောက်ပြီး ဒိုက်ထိုးရမှာ ဖြစ်ပါတယ်။ လက်သီးထောက်ထားတဲ့ လက်နှစ်ဖက်ကြားမှာ တစ်တောင်အခန့်အကွာအဝေးသာ ခြားထားပါ။ တံတောင်ဆစ်ကို ကွေးချပြီး ဒိုက်ထိုးတဲ့အခါ တံတောင်ဆစ် ၂ ဖက်ကို ခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ကပ်ပြီး ကွေးထားရပါမယ်။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ ကစားရမှာ ဖြစ်ပြီး ၁ ကြိမ်လျှင် ဒိုက်ထိုးအကြိမ်အရေ ၈၀ ခန့် ပြုလုပ်ပေးရပါမယ်။
နည်းလမ်း (၃)
Photo : Fitness Baddies
နောက်ဆုံး နည်းလမ်းကတော့ သဲအိတ် (Heavy Bag) ထိုးတာပါ။ သဲအိတ် (Heavy Bag) ထိုးတဲ့အခါ Boxing လက်အိတ်ကို မသုံးပဲ ပတ်တီး (Wraps) သီးသန့်ပဲ ပတ်ပြီး ထိုးပေးရပါမယ်။ ဒါက Boxing နဲ့ Martial Arts ကစားသမားတွေ အဓိက လေ့ကျင့်ကြတဲ့ လက်သီး နဲ့ လက်ကောက်ဝတ် မာကျစ်စေမယ့် လေ့ကျင့်ခန်းတစ်ခုပါ။ သဲအိတ် (Heavy Bag) ထိုးတဲ့အခါ Stance အနေအထား ၊ Punching Technique နဲ့ Distance စတဲ့ အခြေခံ လေ့ကျင့်ခန်းရေး နည်းစနစ်တွေကို လိုက်နာပြီး ကစားပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၄ ကြိမ် ၊ ၁ ကြိမ်စီမှာ ၃ မိနစ် ၄ ကျော့လောက် လေ့ကျင့်ပေးပါ။ လက်သီး တွေ ကျစ်လစ်မာကျောပြီး သန်မာလာပါလိ့မ်မယ်။
ကွီးတို့ရော လက်သီး တွေ မာကျောကျစ်လစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လေ့ကျင့်ဖြစ်ပါသလဲ???