ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း နည်းတွေ များစွာရှိတဲ့အထဲမှာ လူကြီးလူငယ် အရွယ်သုံးပါးမရွေး ၊ အချိန်နေရာမရွေး ပြုလုပ်နိုင်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းက လမ်းလျှောက်ခြင်းပါပဲ။ လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ဖို့ Gym သွားစရာမလိုသလို မည်သည် အားကစား ကိရိယာ ပစ္စည်းမှလည်း မလိုပဲ အလွယ်ကူအရိုးရှင်းဆုံး ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရာမှာ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်အချက်တွေ လိုက်နာရှောင်ကြဉ်ရမလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) Shoe ရွေးချယ်မှု မှန်ကန်ပါ‌စေ

လမ်းလျှောက် လေ့ကျင့်ခန်း
Photo : Sustain Health Magazine

လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရာမှာ အရေးကြီးဆုံးက သက်တောင့်သက်သာနဲ့ မှန်ကန်တဲ့ Shoe ဖိနပ်ကို ရွေးချယ်ဝတ်ဆင်တက်ဖို့ ဖြစ်ပါတယ်။ လမ်းလျှောက် လေ့ကျင့်ခန်းအတွက် High Heels ဖိနပ်တွေ ၊ Tennis နဲ့ Basketball Shoes တွေကို မရွေးချယ်မိဖို့ လိုပါတယ်။ ဒီလို Shoe တွေက လမ်းလျှောက်ရာမှ ခြေထောက်ရဲ့ လှုပ်ရှားမှုကို အဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ရေစိုခံ Walking Shoes ဖိနပ် တွေကို ရွေးချယ်ပါ။ Running Shoes တွေကိုလည်း လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ရာမှာ စီးနိုင်ပါတယ်။ နောက်တစ်ချက်က ဖိနပ်ဆိုဒ်ကို မှန်မှန်ကန်ကန် ရွေးချယ်တက်ဖို့ပါ။ အရမ်းချောင်လွန်း /ကျပ်လွန်းနေတာမျိုး မဖြစ်စေပဲ ကိုယ့် ခြေထောက်နဲ့ Fit ဖြစ်တဲ့ Size မှန်တဲ့ ဖိနပ်ကို ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။

(၂) လမ်းကြောင်းပြောင်းလဲပါ

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : TIME

နေ့တိုင်း တူညီတဲ့ လမ်းကြောင်းတစ်ခုတည်းကို သွားမယ်ဆိုရင် ငြီးငွေ့လာပြီး လမ်းလျှောက် လေ့ကျင့်ခန်း အပေါ် စိတ်ဝင်စားမှု နည်းသွားနိုင်ပါတယ်။ စိတ်ခွန်အားတက်ကြွပြီး ပုံမှန်လမ်းလျှောက်ဖြစ်စေဖို့ဆိုရင် တစ်ရက်နဲ့တစ်ရက် မတူညီတဲ့ လမ်းကြောင်းတွေကို ပြောင်းလဲအသုံးပြုဖို့ လိုပါတယ်။ ဒီနေ့မှာ ပန်းခြံထဲလမ်းလျှောက်မယ်ဆိုရင် နောက်ရက်ကို ကန်ဘောင် သို့မဟုတ် ကုန်းမြင့်နေရာတွေကို ပြောင်းလဲ လမ်းလျှောက်ပါ။ အန္တရာယ်ကင်းမှုအရှိဆုံးဖြစ်မယ့် လမ်းကြောင်းတွေကို ဦးစားပေးဖို့တော့ အကြံပြုချင်ပါတယ်။

(၃) ပြင်ပအသံတွေ ကြားနိုင်မယ့် နားကြပ်တွေ ရှာပါ

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : Pinterest

လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ချိန်မှာ သီချင်းနားထောင်တာက စိတ်အားတက်ကြွမှုကို ရစေပြီး လေ့ကျင့်ခန်းလုပ်လို့ ပိုကောင်းပါတယ်။ ဒါပေမယ့် သီချင်းအသံ ကျယ်လွန်းမယ်ဆိုရင်တော့ အန္တရာယ်မကင်းနိုင်ပါ။ သီချင်းနားထောင်ရင်း လမ်းလျှောက်မယ်ဆိုပါက အသံလုံတဲ့ နားကြပ်တွေထက် ပြင်ပအသံတွေကို ကောင်းကောင်း ကြားနိုင်တဲ့ နားကြပ်တွေကို ရှာပါ။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်က အသံတွေကိုကြားနိုင်ဖို့ သီချင်းသံ Volume ကို အဆုံးထိမထားပဲ အနည်းငယ်နှိမ့်ထားဖို့ လိုပါတယ်။

(၄) လမ်းလျှောက်ရင်း ဖုန်းမသုံးပါနဲ့

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : Cratus Medical Vitality Institute

လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်နေစဉ် ဖုန်းကြည့်တာ ၊ ဖုန်းသုံးတာတွေ အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ စစ်တမ်းတွေအရ လမ်းပေါ်မှာ ဖုန်းကြည့်နေခြင်းနဲ့ ဆက်စပ်ပြီး လမ်းသွားလမ်းလာများ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၁၄ ခုနှစ်ကစတင်ပြီး ၂ ဆ ကျော်တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ လမ်းလျှောက်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဖုန်းတွေအပေါ် အာရုံရောက်နေခြင်းကြောင့် ပြင်ပပတ်ဝန်းကျင်ကအရာတွေကို မမြင်နိုင်ပဲ မတော်တဆ ထိခိုက်ဒဏ်ရာ ဖြစ်လာပွားကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နေစဉ် ဖုန်းထုတ်သုံးတာ ဖုန်းကြည့်နေတာမျိုး အထူးရှောင်ကြဉ် ရပါမယ်။

(၅) တင်းကျပ်လွန်းတဲ့ အဝတ်တွေ လက်ရှောင်ပါ

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : Eat This, Not That

တင်းကျပ်ပြီး လေးလံလွန်းတဲ့ အဝတ်အစားတွေက လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချိန်မှာ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ Activewear တွေရွေးချယ်တဲ့အခါ အဓိက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိရမယ် ၊ အလွယ်တကူ လှုပ်ရှားလို့ကောင်းပြီး ချွေးစိုခံ ၊ ချွေးခြောက်မြန်တဲ့ အဝတ်အထည်တွေ ဖြစ်ဖို့ လိုပါတယ်။ အခုလို မိုးရာသီကာလမှာ လမ်းလျှောက်မယ်ဆိုရင် မိုးကာနဲ့ ဦးထုပ်တွေ လုံလုံခြုံခြုံ ဝတ်ဆင်သင့်ပါတယ်။ နွေရာသီကာလတွေမှာတော့ နေလောင်ဒဏ်ကာခရင်မ် လိမ်းဖို့နဲ့ လိုအပ်ရင် နေကာမျက်မှန်တွေကို အသုံးပြုဖို့ လိုပါတယ်။

(၆) အကွာအဝေးကို ခြေရာခံပါ

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : OriGym

ခြေလှမ်းအရေအတွက် ၊ မိုင် ၊ ကီလိုမီတာနဲ့ မိနစ်တွေ ရေတွက်ခြင်းဟာ လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ရာမှာများစွာ ခွန်အားပိုမိုရရှိစေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ဒီလို လမ်းလျှောက်တဲ့ ခြေလှမ်းအရေအတွက်နဲ့ အကွာအဝေးကို Tracked လုပ်သူတွေဟာ တစ်နေ့ကို ပျမ်းမျှ ခြေလှမ်းပေါင်း၂၅၀၀ အထိ တိုးလာစေတယ်လို့ ဆိုထားပါတယ်။ မိုဘိုင်းဖုန်း အက်ပ်တွေ ဒါမှမဟုတ်တဲ့ စျေးသက်သာတဲ့ Pedometer လို့ခေါ်တဲ့ ကိရိယာတွေနဲ့ ကိုယ့်ရဲ့ လမ်းလျှောက်နှုန်း ၊ ခြေလှမ်း ၊ အကွာအဝေး တွေကို ခြေရာခံနိုင်ပါတယ်။

(၇) အကြောလျော့ပါ

လမ်းလျှောက် လေ့ကျင့်ခန်း

Photo : Good Stretch

လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ပြီးချိန်မှာ အထူးသဖြင့် ခြေသလုံး ကြွက်သားတွေကို အကြောလျော့ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ ကြွက်သားနာကျင်ကိုက်ခဲမှုနဲ့ ထိခိုက်ဒဏ်ရာဖြစ်ခြင်း ကို လျော့ကျသက်သာစေပါတယ်။ အကြောလျော့ လေ့ကျင့်ခန်းတစ်ခုကို ၁၀ -၂၀ စက္ကန့်ကြာ ပြုလုပ်ပေးပါ။ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားနိုင်ဖို့ ခုံတန်းလျား သို့မဟုတ် နံရံတွေကို အသုံးပြုနိုင်ပါတယ်။

Featured Photo : Elitra Health