မန်ချက်စတာ ယူနိုက်တက်အသင်းက ဒီနွေဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာသွားဖို့ နီးစပ်နေပြီဖြစ်တဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ကက်စီမဲရိုးနေရာမှာ အစားထိုးသွားဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်လူ မန်နူရယ် အူဂါတေးကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှုတစ်ရပ်ပါ လုပ်ဆောင်ထားခဲ့ရင်း အဲ့ဒီကမ်းလှမ်းချက်ကိုတော့ ပီအက်စ်ဂျီဘက်က ပယ်ချထားခဲ့ပါတယ်။

casemiro

Photo Credit: The Independent

တကယ်တော့ ကက်စီမဲရိုးဆိုတာက တကယ့်ကို ကမ္ဘာ့အဆင့် ကစားသမားကောင်းတစ်ဦးပါ။ ရီးယဲလ်အသင်းနဲ့လည်း ဆုဖလား အောင်မြင်မှုတွေ အမြောက်အများ ရယူခဲ့ရင်းကနေ ၂၀၂၂ခုနှစ်မှာပဲ မန်ယူအသင်းဆီ ပြောင်းလာခဲ့တယ်. သူရဲ့ ပထမဆုံး မန်ယူကစားသမားဘဝ ပွဲဦးထွက်မှာ မန်ယူအသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့လို့ ဘောလုံး pundit များစွာကပါ ကက်စီမဲရိုးကို ၂၀၂၂-၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုလို့ပါ သတ်မှတ်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ ကက်စီရဲ့ ဒုတိယရာသီမှာတော့ ဒဏ်ရာပြသာနာတွေ ခြေစွမ်းပိုင်း ကျဆင်းမှုတွေကြောင့် ပုံမှန် ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးလာခဲ့ရပါတယ်။

case

Photo Credit: The New York Times

ဒီလို အခြေအနေတွေကြောင့်ပဲ ရာသီမကုန်ခင်လောက်ကတည်းက ကက်စီရဲ့ အနာဂတ် အခြေအနေတွေ အတော်လေး လှုပ်ခတ်လာခဲ့ပြီး ဆော်ဒီလိဂ်ဆီ ရောင်းချခံရတော့မယ်လို့ အသံတွေလည်း ထွက်လာခဲ့ပါတယ်။ နောက်ပြီး ကက်စီမဲရိုးအပြင် အဲရစ်ဆင် ဗန်ဒီဘိခ်တို့လို ကွင်းလယ်လူတွေလည်း ဒီနွေဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတာဖြစ်လို့ မန်ယူက ဒီကစားသမားတွေ နေရာအတွက် အစားထိုး ဖြည့်တင်းဖို့အတွက်က မဖြစ်မနေ လိုအပ်လာပါတယ်။

ugarte casemiro

Photo Credit: Daily Mail

အဲ့ဒီအတွက်လည်း မန်ယူက ဘင်ဖီကာ ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ် ၊ အဲရစ် တန်ဟက်ဂ်ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ အက်ဆွန် အဲလ်ဗာရက်ဇ် ၊ အဲဗာတန် ကွင်းလယ်လူ အမာဒူ အိုနာနာတို့ကို ချိန်ရွယ်ထားပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားတာ ကက်စီနေရာအတွက် အစားထိုးဖို့ အဆင်မပြေနိုင်တာတွေနဲ့ပဲ ဒီပစ်မှတ်တွေကို ဆက်လက် မကြိုးပမ်းတော့ပဲ အသင်းနဲ့ သတင်းတောင် သိပ်မထွက်တဲ့ အူဂါတေးကို ရုတ်တရက် ကြိုးပမ်းလာခဲ့ပါတယ်။

ugarte

Photo Credit: La Parisien

ဥရုဂွေး ကွင်းလယ်လူ အူဂါတေးက ပြီးခဲ့တဲ့ရာသီကမှ စပို့တင်း လစ္စဘွန်းကနေ ပီအက်စ်ဂျီဆီကို ယူရို သန်း(၆၀)နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် အသင်းကွင်းလယ်မှာ ဖာဘီယန်ရုဇ် ဗီတင်ညာ အမ်မရီတို့လောက် ပွဲကစားခွင့် သိပ်မရပဲ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာလည်း မိနစ် အနည်းငယ်လေးသာ ကစားခွင့်ရခဲ့ပါတယ်။ အခုဆိုရင် ပီအက်စ်ဂျီကပါ အူဂါတေးကို အသင်းကနေ ပြန်လည် ရောင်းချဖို့ စီစဉ်နေတုန်း မန်ယူက ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ပေမယ့် ဒါကို ပီအက်စ်ဂျီဘက်က ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့က ပျက်သွားခြင်း မရှိသေးပဲ မန်ယူနဲ့ ပီအက်စ်ဂျီတို့ကြား အူဂါတေးရဲ့ အပြောင်းအရွှေ့အတွက် ဆက်လက် ဆွေးနွေးနေဆဲသာ ရှိနေပါတယ်။

Featured Photo: Techz