ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ ကပ်လွဲခဲ့ရတဲ့ အာဆင်နယ် ၊ ဖလားမရတာ အရမ်းကြာနေတဲ့ စပါး ဒီလိုအသင်းတွေက ကင်စလေ ကိုးမန်းကို ခေါ်ယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကစားသမားကိုက အမှတ်ပေး ဆုဖလားတွေနဲ့ကို ကံစပ်လွန်းတာကြောင့်ပါပဲ။

coman psg

Photo Credit : DAZN Twitter

အခုမှ အသက် (၂၆)နှစ်သာ ရှိနေသေးတဲ့ ပြင်သစ် လက်ရွေးစင် တောင်ပံကစားသမား ကိုးမန်းဟာ ၂၀၀၄ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ပီအက်စ်ဂျီ လူငယ် အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ယူရင်း ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပွဲထွက်ခွင့် ရခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ ပီအက်စ်ဂျီနဲ့အတူ လီဂူး ချန်ပီယံ ဖြစ်တယ်။ နောက်ရာသီမှာလည်း ပွဲ မဖြစ်စလောက်လေးသာ ကစားခဲ့ရရင်း လီဂူး ချန်ပီယံ ထပ်ဖြစ်ခဲ့ပြန်ပါတယ်။

coman juve

Photo Credit : Bleacher Report

ပီအက်စ်ဂျီနဲ့ လီဂူးဖလား (၂)ကြိမ်ထိ ရယူခဲ့ဖူးပြီးနောက် ဂျူဗီကို အလွတ်နဲ့ ပြောင်းသွားခဲ့တဲ့ ကိုးမန်းဟာ ဂျုဗင်တပ်စ်မှာလည်း ပထမဆုံး ဘောလုံးရာသီမှာပဲ စီးရီးအေ ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်က ကိုးမန်းကို အသင်းမှာ ဆက်မထားပဲ ဘိုင်ယန်မြူးနစ်ဆီကိုသာ (၂)ရာသီ အငှားချခဲ့သလို ကိုးမန်း အသင်းကနေ အပြီးသတ် ထွက်ခွာမယ်ဆိုရင်လည်း ထွက်ခွာနိုင်တယ်လို့ပါ ပြောလာခဲ့ပါသေးတယ်။

Kingsley Coman bayern

Photo Credit : Fanatik

ဒီလိုနဲ့ နောက်ထပ် နယ်မြေသစ်တစ်ခုကို ထပ်မံ ရောက်ရှိသွားခဲ့ပြန်တဲ့ ကိုးမန်းဟာ ဒီတစ်ကြိမ်မှာတော့ အရင်ကလို အသင်း အပြောင်းအလဲတွေ မလုပ်ဆောင်ရတော့ပဲ ဘိုင်ယန်မှာသာ ဘောလုံးရာသီ (၈)ရာသီ ဆက်တိုက်အထိ ဆက်လက် ရှိနေခဲ့ရပါတယ်။ အဲ့ဒီ (၈)ရာသီလုံးမှာလည်း ကိုးမန်းက ဘိုင်ယန်နဲ့အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို နှစ်တိုင်း ရယူနိုင်ခဲ့တဲ့အပြင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာလည်း သူရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အသင်းဟောင်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဖိုင်နယ်မှာ အနိုင်ယူရင်း ချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။

ဒီရာသီမှာဆိုရင်လည်း ဘိုင်ယန်ရဲ့ မတည်ငြိမ်လှတဲ့ form တစ်ခုကြောင့် ကိုးမန်းရဲ့ အမှတ်ပေးဖလား မှတ်တမ်းကြီး ချိုးပျက်ရတော့မယ်လို့ ထင်ခဲ့ရပေမယ့် နောက်ဆုံး ပန်းဝင်မယ့် အချိန်မှာပဲ ဒေါ့မွန်ရဲ့ ခြေချော်မှုကြောင့် ကိုးမန်းက သူ့ကစားသမားဘဝရဲ့ (၁၂)ကြိမ်မြောက် အမှတ်ပေး ချန်ပီယံဆုကို ထပ်မံ ပိုင်ဆိုင်လိုက်ရပြန်ပါတယ်။

Featured Photo : Squawka Twitter