ပုံမှန် သူလိုကိုယ်လို ဘဝကနေ အထက်တန်းရောက်အောင်မြင်ဖို့ဆို ရောင့်ရဲလွယ်လွန်းတဲ့စိတ်ကို ဖျောက်ပစ်ဖို့ လိုပါတယ်။ ရောင့်ရဲလွယ်မှု ဆိုရာမှာ တော်ရုံကြိုးစားမှုနဲ့ ရှေ့ဆက်နေတာကို ဆိုလိုပါတယ်။ အောင်မြင်ကြီးပွားဖို့ ဆိုရင် အပြောင်းအလဲမလုပ်ရတဲ့ သက်တောင့်သက်သာ အနေအထားမှာပဲ နေသာသလို နေခြင်းမျိုးကို ရှောင်ရှားဖို့ လိုပါတယ်။ လူတစ်ယောက် ဘယ်လောက်ပဲ ချမ်းသာကြီးပွားချင်တယ်ဆိုဆို အခုပြောမယ့် လက္ခဏာတွေကို ကြည့်ပြီး ကြီးပွားချင်စိတ် မရှိသူလို့ ပြောနိုင်ပါတယ်။

(၁) ထကြွနိုးကြားမှု မရှိခြင်း

alamclock

Photo : Pexels

နောင်ခါလာ နောင်ဈေးဆိုတဲ့ ထုံးနဲ့ ဘယ်အရာကိုမှ ကြိုတင်စီစဉ်မှု မရှိတာ ၊ လုံ့လဝီရိယအားနဲ့ အဆက်မပြတ် တွန်းတင်နေတာမျိုး မလုပ်တာက ကြီးပွားလိုစိတ် မရှိတဲ့အကြောင်း ဖော်ပြနေတာပါပဲ။ အောင်မြင်ကြီးပွားဖို့အတွက် သူများထက် ဝီရိယပိုထားဖို့ လိုပါတယ်။ ထထကြွကြွ နိုးနိုးကြားကြားနဲ့ တစိုက်မတ်မတ် ကြိုးပမ်းနေဖို့ လိုပါတယ်။ ကိစ္စတွေကို ပေါ်မှ ထ,လုပ်တာထက် ကြိုပြီး စီစဉ်မှုနဲ့ လုပ်နေဖို့ အရေးကြီးပါတယ်။

(၂) ကိုယ်ပိုင်သလောက်နဲ့ ကျေနပ်နေခြင်း

Money

Photo : Pexels

ကိုယ်ရသလောက်နဲ့ ကျေနပ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် သင်က သာမန်ထက် ပိုပြီး ကြီးကျယ်အောင်မြင်တဲ့ ဘဝကို သွားချင်တယ်ဆိုရင် ကိုယ်ရတဲ့ ဘဝအခြေအနေနဲ့တင် တင်းတိမ်မနေသင့်ပါဘူး။ နိုင်ငံရပ်ခြားတွေလည်း သွားသင့် သွားရပါမယ်။ လက်ရှိအလုပ်ကနေ ထွက်ပြီး တခြား တက်လမ်းရှိတဲ့ အလုပ်တစ်ခုခုရင်လည်း လုပ်သင့် လုပ်ရပါမယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလောက်နဲ့ မကျေနပ်နိုင်သေးဘူး ၊ ဆက်တိုးတက်ချင်သေးတယ် ဆိုတဲ့ စိတ်မျိုး ရှိသူတွေပဲ ဘဝမှာ အောင်မြင်ကြီးပွားသွားကြတာ ဖြစ်ပါတယ်။

(၃) တိုးတက်မှုနည်းတဲ့ အလုပ်မှာ ၃ နှစ်ကျော်ကြာ နေခဲ့ခြင်း

Work

Photo : Pexels

အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပေမယ့် အခွင့်အလမ်း နဲ့ အနာဂါတ်ရည်မှန်းချက်တွေ အကောင်အထည် ဖော်ခွင့်မရတဲ့ အလုပ်မျိုးကတော့ စွန့်ခွာသင့်တဲ့ အလုပ်ထဲမှာ ပါပါတယ်။ အလုပ်တစ်ခုခုမှာ ဝင်လုပ်လို့ ၂ နှစ် ၃ နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် သိပ်တိုးတက်လာတာ မတွေ့ရရင် ဆက်မလုပ်ဘဲ အလုပ်ပြောင်းဖို့ အကြံပေးချင်ပါတယ်။ လုပ်ခ လစာနည်းချင် နည်းပါစေ။ အတတ်ပညာ ၊ အခွင့်အလမ်း နဲ့ ဘဝတစ်သက်လုံးအတွက် အကျိုးများမယ့် အရာတွေ ရယူနိုင်မယ့် အလုပ်မျိုးကို သွားတာက လစာကောင်းပြီး အစွမ်းအစ တုံးသွားမယ့် အလုပ်ထက် ပိုကောင်းပါတယ်။

(၄) အချိန်အားတွေ သိပ်ပိုလွန်းနေခြင်း

Smartphone

Photo : Pexels

သင့်မှာ Free Time တွေ များနေပြီး ဖုန်းပွတ်ရုံ ၊ လက်ဖက်ရည်ဆိုင်ထိုင်ရုံက လွဲပြီး ဒီအချိန်တွေကို အကျိုးရှိရှိ မသုံးဖြစ်ဘူးဆိုရင်လည်း တိုးတက် ကြီးပွားချင်စိတ် နည်းနေတဲ့သူလို့ ပြောနိုင်ပါတယ်။ အချိန်အအား များခြင်းဟာ လူကို ပျက်စီးစေနိုင်ပါတယ်။ အားလပ်နေတဲ့ အချိန်တွေဟာ ဘဝတိုးတက်ရေး ၊ လူရဲ့ ရုပ်ပိုင်းစိတ်ပိုင်း ဖွံ့ဖြိုးကျန်းမာရေးမှာ ကောင်းကောင်း အသုံးချသင့်တဲ့ အချိန်တွေပါပဲ။ အချိန်တွေ ပိုနေရင် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်အောင် သင်ယူနေတာ ၊ မိတ်ဆွေသစ်တွေ ရှာပြီး စီးပွားရေးအတွက် ဈေးကွက်သစ်တွေ ဖော်ထုတ်တာ ၊ အိုင်ဒီယာတွေအတိုင်း အကောင်အထည်ဖော်ကြည့်တာမျိုး လုပ်သင့်ပါတယ်။

Featured Photo : frontrangecounselingcenter