ကိုယ်လက်ကြံ့ခိုင်ဖို့နဲ့ ကြွက်သား တောင်တောင့် ဘော်ဒီရဖို့ဆိုပြီး Gym ကစားနေတာ ကြာပြီဆိုပေမယ့် ထင်သလောက် တိုးတက်မှုမရှိသေးတာ ဘာကြောင့်ပါလဲ။  ကြွက်သားတွေ ထင်သလောက် ကြီးမလာရတဲ့အကြောင်းအရင်းက အဓိကအားဖြင့် ကိုယ်ရဲ့ နေ့စဉ်အလေ့အကျင့်တွေထဲမှာ လိုအပ်ချက်တစ်ခုခုရှိနေလို့ဆိုတာ သေချာပါတယ်။ ဒီတစ်ခေါက်တော့  Gym တွေ ဘယ်လောက်ကစား ကစား ကြွက်သား ထုတက်မလာရတဲ့ အကြောင်းအရင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) နည်းစနစ်မှားနေခြင်း

Photo : Men’s Journal

လေ့ကျင့်ခန်းလုပ်တဲ့အခါ နည်းစနစ်က အရေးကြီးဆုံးပါပဲ။ အစောပိုင်းမှာ Trainer ရဲ့ အကူအညီကြောင့် ဟုတ်တုတ်တုတ် ရှိသေးပေမယ့် နောက်ပိုင်းမှာ ကိုယ့်ဘာသာ တလွဲတွေ လုပ်မိတာဟာ ကြွက်သားလည်း တက်မလာသလို လူလည်း ဒဏ်ပိုဖြစ်လာနိုင်ပါတယ်။

(၂) Cardio အလွန်အကျွံ လုပ်မိခြင်း

Photo : DMARGE

Cardio လေ့ကျင့်ခန်းတွေနဲ့ပဲ အချိန်ပိုကုန်တာ များနေရင်လည်း ဘော်ဒီ ကြွက်သား တွေအတွက် အချိန်မပေးနိုင်တော့ပါဘူး။ တစ်ပတ်မှာ ၃ ရက်ကနေ ၅ ရက်အထိ တစ်နေ့ကို မိနစ် ၂၀-၃၀ လောက်နှုန်းနဲ့ အကြောလျှော့တာ လုပ်နေရင်ကို အဆင်ပြေပါတယ်။

(၃) ကယ်လိုရီလုံလုံလောက်လောက်မစားခြင်း

Photo : Muscle & Fitness

အားကစားလုပ်ချိန်မှာ အစားအသောက်ကလည်း အရေးပါပါတယ်။ ခိုင်မာသပ်ရပ်တဲ့ အိမ်တစ်လုံး တည်ဆောက်ဖို့ သစ်သား ၊ ဘိလပ်မြေနဲ့ အုပ် စသည်ဖြင့် လိုအပ်သလို ခန္ဓာကိုယ်ကို တည်ဆောက်နေချိန်မှာလည်း ပရိုတိန်းဓါတ် ၊ ကယ်လိုရီနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ ကျွေးဖို့လိုပါတယ်။

(၄) အိပ်ရေးမဝခြင်း

Photo : Men’s Health

Gym လည်းကစားတယ်။ ညဘက်ဆိုလည်း  ညနက်သန်းခေါင်အထိ ဂိမ်းဆော့ပြီး မနက်ကျ ရုံးချိန်မီအောင် ပြေးနေရတယ်ဆိုရင် Muscle တက်ဖို့ ခက်ပါတယ်။ အိပ်စက်တယ်ဆိုတာ ခန္ဓာကိုယ်စနစ်ကို ပြန်ပြီး ကောင်းအောင် အချိန်ပေးလိုက်တာပါ။ အိပ်ရေးမဝရင်တော့ ကိုယ်တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ဟာ ဖြစ်သင့်သလောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

(၅) ငြီးငွေ့လာခြင်း

Photo : Men’s Health

အစောပိုင်းကတော့ Gym ရောက်လာတဲ့ လူတိုင်း ထက်သန်တက်ကြွနေတတ်ပေမယ့် တစ်လလောက်လည်း ရှိရော အလိုလိုနေရင်း Gym သွားချင်စိတ်ကုန်တာ ဖြစ်တတ်ပါတယ်။ ဒါကလည်း တစ်နေ့ တစ်နေ့ ဒါချည်းပဲ ကစားရပြီး အသစ်အဆန်း မပါလို့ ဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့ Gym ကစားဖက်တွေကိုပဲဖြစ်ဖြစ် Trainer ကိုပဲ ဖြစ်ဖြစ် ဖွင့်ပြောပြီး အကြံတောင်းသင့်ပါတယ်။

Featured Photo : Men’s Journal