ကိုယ်လက်လှုပ်ရှားမှု Workout တွေ ပြုလုပ်တာက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်အလေးချိန်ကို ကျစေတယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ တချို့က ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအဆရအောင် လေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ အချို့က ကျန်းမာရေးအတွက် လုပ်ကြတယ်။ ဘယ်လို ရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် လူတိုင်းလူတိုင်း ကိုယ်လက်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်သင့်ပါတယ်။ ဒါတွေတင် မကသေးဘဲ အခြားသော အကျိုးကျေးဇူးတွေ အများကြီးရပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီး တို့ Workout ပုံမှန်လုပ်ရင် ဘယ်လို အံ့သြဖွယ် အကျိုးကျေးဇူးတွေ ခံစားရမလဲဆိုတာ ဝေမျှပေးမှာ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်

ကွီး Workout

Photo : JLCAT

စိတ်ဖိစီးမှုကို မကြုံဖူးတဲ့သူ မရှိလောက်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်မှ ကြွက်သားများ အထူးသဖြင့် မျက်နှာ၊ လည်ပင်းနှင့် ပခုံးများ တင်းမာနေနိုင်ပြီး နောက်ကျော နှင့် လည်ပင်းနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီမှု ပြင်းထန်ပါက ရင်ဘတ်ထဲမှာ တင်းကျပ်ခြင်း၊ သွေးခုန်နှုန်းများခြင်း သို့မဟုတ် ကြွက်သားများ ကြွက်တက်ခြင်းတိုကို့ ခံစားရမယ့်အပြင် အိပ်စက်ခြင်းကိုလည်း ထိခိုက်စေပါတယ်။ ဒီပြဿနာများရဲ့ အရင်းအမြစ်ဖြစ်တဲ့ စိတ်ဖိစီးမှုကို Workout ပုံမှန်လုပ်ခြင်းဖြင့် လျှော့ချနိုင်ပါတယ်။ Workout လုပ်ခြင်းက ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်သည့်အပြင် ကြွက်သားများကို ပြေလျော့စေပြီး ခန္ဓာကိုယ်တွင်း တင်းမာမှုများကို သက်သာစေပါတယ်။

ပျော်ရွှင်စေပါတယ်

ကွီး Workout

Photo : Shape

ကွီး တို့ရေ Workout ပုံမှန်လုပ်ခြင်းဖြင့် အပေါ်မှာ ဖော်ပြခဲ့သလို ဦးနှောက်အတွင်းရှိ Endorphin များကို ထုတ်လွှတ်ပေးသောကြောင့် စိတ်ခံစားချက်များကို ပိုမိုကောင်းမွန်စေပါတယ်။ University of Vermont မှ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်း မိနစ် ၂၀ မျှလုပ်ရုံဖြင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်ကို ၁၂ နာရီကြာအောင် မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများက ပျော်ရွှင်မှုကို ပိုမိုခံစားရကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

မှတ်ဉာဏ်စွမ်းအားကို ပိုကောင်းစေခြင်း

ကွီး Workout

Photo : library

ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက မှတ်ဉာဏ်ပိုကောင်းခြင်းနဲ့ သင်ယူတတ်မြောက်မှုကို ပိုမိုကောင်းမွန်စေတဲ့ အကျိုးတွေကို ရရှိနိုင်ပါတယ်။ သုတေသနတွေ့ရှိချက်တွေအရ လေ့ကျင့်ခန်း လုပ်ခြင်းက အယ်ဇိုင်းမာရောဂါ ကို ကာကွယ်ဖို့နဲ့ ဖြစ်ပွားလျှင်လည်း နှေးကွေးစေဖို့ နည်းလမ်းကောင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးနှောက် သွေးစီးဆင်းမှုကို ကောင်းစေတာကြောင့် အတွေးအခေါ်များကိုလည်း ရှင်းလင်းပြတ်သားစွာ တွေးခေါ်နိုင်စေပါတယ်။

လိင်မှုဘဝကို ပိုမိုကောင်းမွန်စေပါတယ်

ကွီး Workout

Photo : Frank Agullo

အမျိုးသားတို့အနေနဲ့ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို အားမရဘူးဖြစ်နေရင် Workout ကိုသာ ပုံမှန်လုပ်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးစေပြီး သက်လုံကောင်းစေက အိပ်ရာပေါ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်လေ့ကျင့်ခန်းလုပ်သော အမျိုးသားများက လေ့ကျင့်ခန်းမလုပ်သော အမျိုးသားများထက် လိင်အင်္ဂါချို့ယွင်းမှု ပြဿနာများ ဖြစ်နိုင်ခြေ နည်းတယ်လို့လည်း ဆိုထားပါတယ်။

မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို မြှင့်တက်လာစေပါတယ်

Photo : Vitaman

Workout ပုံမှန်လုပ်ခြင်းက လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပြီး ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်သော အလေ့အကျင့်တစ်ခုပါ။ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ စိတ်ခွန်အားကို ဖြစ်စေကာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုကို မြှင့်တတ်လာစေပါတယ်။ ဒါ့အပြင် Workout ပုံမှန်လုပ်ခြင်းကြောင့် ကိုယ့်ရဲ့အသွင်အပြင်နဲ့ ပတ်သတ်ပြီး စိတ်ခံစားချက်တွေ ပိုကောင်းလာတဲ့အပြင် ယုံကြည်မှုလည်း တိုးတက်လာစေပါတယ်။

အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်

Photo : Eat This Not That

လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက ကျန်းမာကြံ့ခိုင်စေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးကာ လူရောစိတ်ပါ ရွှင်လန်းစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ခြင်းက သက်တမ်း (၅) နှစ်အထိ ပိုရှည်စေပါတယ်။ လေ့လာမှုတစ်ခုရဲ့ အကြံပြုချက်မှာ ပြင်းထန်မှု အလယ်အလတ်ရှိတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆဲလ်များ အိုမင်းမှုကို နှေးစေပါတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ လေ့ကျင့်ခန်းလုပ်ခြင်းက အရေပြားသို့ သွေးစီးဆင်းမှု ကောင်းစေပါတယ်။ အရေပြားဆဲလ်များသို့ အောက်စီဂျင်နှင့် အာဟာရဓါတ်များ ပေးပို့ပေးတာကြောင့် အသားအရေကို ကောင်းမွန်စေကာ အရွယ်တင်နုပျိုစေပါတယ်။

ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်စေပါတယ်

Photo : Complete Wellbeing

ကွီးတို့အနေနဲ့ အိပ်ပျော်ဖို့ ခက်ခဲနေတတ်ပါသလား ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တာမျိုး ဖြစ်နေပါသလား။ ဒါဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ခြင်းက ထိုပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းကောင်းပါပဲ။ ကိုယ်လက်လှုပ်ရှားမှုက ကွီးတို့ကို မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်စက်ခြင်းစက်ဝန်းကိုလည်း မှန်ကန်လာစေပါလိမ့်မယ်။ သို့သော်လည်း အိပ်ရာဝင်ချိန်နဲ့ နီးနီးကပ်ကပ်တော့ လေ့ကျင့်ခန်း မလုပ်သင့်ပါဘူး။

အခုဖော်ပြပေးလိုက်တာကတော့ Workout ပုံမှန်လုပ်ပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီး တို့ကို Workout လုပ်ဖို့ အမြဲတမ်း တိုက်တွန်းနေရတာ ဖြစ်ပါတယ်ဗျာ။

Source : Self

Featutred Photo : Men’s Journal