ပြီးခဲ့တဲ့ ဆောင်းရာသီ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်ကမှ အသက်လက်တီကို မက်ဒရစ်ကနေ ချယ်လ်ဆီး အသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဂျာအို ဖီးလစ် ဟာ လာမယ့် ဘောလုံးရာသီထဲ ချယ်လ်ဆီးက ဥရောပ ပြိုင်ပွဲ တစ်ခုမှ မယှဉ်ပြိုင်ရဘူး ဆိုရင်တောင်မှ အသင်းနဲ့ပဲ ဆက်လက် လက်တွဲသွားချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

felix joins chelsea

Photo Credit : SPORT

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်ကစားသမား ဖီးလစ် ဟာ ဆောင်းဈေးကွက် မဖွင့်လှစ်ခင်က အာဆင်နယ် မန်ယူနိုက်တက်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ချယ်လ်ဆီး အသင်းဆီကိုသာ အငှား ပြောင်းရွှေ့ခ ယူရို(၁၁)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဖီးလစ်ရဲ့ အငှားစာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့်ကို ထည့်သွင်းထားခြင်း မရှိသလို ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲအတွင်း (၃)ဂိုးသာ သွင်းယူထားခဲ့ပေမယ့် သူ ကိုယ်တိုင်က ချယ်လ်ဆီးနဲ့သာ ဆက်လက် ပူးပေါင်းချင်သလို အသင်းကလည်း သူ့ကို အပြီးသတ် ခေါ်ယူချင်နေပါတယ်။

felix

Photo Credit : Clutch Points

ချယ်လ်ဆီးက ဖီးလစ်ကို အသက်လက်တီကိုကနေ အပြီးသတ် ဝယ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)လောက် အသုံးပြုရဖို့ ရှိနေပြီး ဒီပမာဏက ချယ်လ်ဆီး အတွက် မပြောပလောက်ပေမယ့်လည်း FFP စည်းမျဉ်းတွေနဲ့ မညှိစွန်းရအောင် လုပ်ဆောင်ရဦးမှာဖြစ်လို့ နောက်တစ်ရာသီစာ အငှား ခေါ်ယူဖို့သာ ကမ်းလှမ်းဖွယ် ရှိနေရပါတယ်။ ဒီလို ကမ်းလှမ်းလာမယ်ဆိုရင်လည်း အသက်လက်တီကိုဘက်က လက်ခံနိုင်မလားဆိုတာ မသိနိုင်သေးပေမယ့် ဖီးလစ် ဘက်ကတော့ လက်ခံသွားဖို့ သေချာနေပြီး ဘာ ဥရောပပွဲတွေ မကစားရဘူးဆိုရင်တောင် ချယ်လ်ဆီးမှာပဲ ဆက်နေဖွယ် ရှိနေပါတယ်။

auba & felix

Photo Credit : Goal

ချယ်လ်ဆီး ဖီးလစ် တို့နဲ့ ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ နောက်ထပ် သတင်းတွေအရ ချယ်လ်ဆီးက ဖီးလစ်ကို အသက်လက်တီကို အလိုရှိနေတဲ့ ယူရို သန်း(၉၀)အတိုင်း ပြောင်းရွှေ့ကြေး သီးသန့်နဲ့ ကမ်းလှမ်းဖို့ထက် ပြောင်းရွှေ့ကြေး တစ်စုံတစ်ရာအပြင် အသက်လက်တီကို စိတ်ဝင်စားနေတဲ့ အူဘာမီယန်းကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းလာဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီလိုသာ ကစားသမား အလိုက်ပေးပြီး ကမ်းလှမ်းလာမယ်ဆိုရင် ပြောင်းရွှေ့ကြေးအပေါ် မူတည်ပြီး အသက်လက်တီကိုဘက်က အူဘာမီယန်း မဟုတ်ပဲ ဘယ် ချယ်လ်ဆီး ကစားသမားကို တောင်းဆိုလာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : Eurosport