လာမယ့်နွေမှာ ပီအက်စ်ဂျီ အသင်းနဲ့ လက်တွဲဖြုတ်သွားရဖွယ် ရှိနေတဲ့ ဘရာဇီးလ် ထိပ်သီး တိုက်စစ်ကစားသမား နေမာ ကို ချဲလ်ဆီးအသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပြီး ပြင်သစ် သတင်းမီဒီယာ Le Parisien ကနေလည်း နေမာရဲ့ အပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ တွေ့ဆုံ ဆွေးနွေးနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Neymar

Photo Credit : Vietnamnet

ချဲလ်ဆီးအသင်းကတော့ အခုနှစ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက်နှစ်ခုထဲမှာ ကစားသမားသစ် ခေါ်ယူမှုများအတွက် အသုံးစရိတ် ပေါင်သန်း(၆၀၀)ဝန်းကျင်လောက်အထိ အသုံးပြုထားခဲ့သလို လာမယ့်နွေမှာလည်း နေမာ လို ကစားသမားမျိုးကိုပါ ထပ်မံ ခေါ်ယူသွားဖို့အထိ ပြင်ဆင်လာခဲ့ပြန်ပါတယ်။ ချဲလ်ဆီးက အခု ဈေးကွက်တွေထဲမှာ တိုက်စစ်ပိုင်းအတွက် ဂျာအိုဖီးလစ် ၊ စတာလင် ၊ အူဘာမီယန်း ၊ မူဒရစ်ခ် ၊ မာဒူအက်အေ ၊ ဒါထရိုဖိုဖာနာတို့ကို ခေါ်ယူထားသလို လာမယ့်နှစ်အတွက်လည်း အန်ကွန်ကူကိုပါ ခေါ်ယူထားခဲ့ပေမယ့်လည်း နေမာက သူတို့အသင်း အရမ်းကို လိုချင်နေတဲ့ ကစားသမား ဖြစ်နေတာကြောင့် နေမာကိုလည်း အရ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။

Neymar

Photo Credit : Planet Football

အသက်(၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား နေမာ ဟာ ၂၀၁၇ခုနှစ်ကတည်းက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီ အသင်းဆီ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မကြာသေးခင်ကလည်း အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ သက်တမ်းတိုးထားခဲ့ပေမယ့်လည်း အသင်းမှာ အသင်းသားတချို့နဲ့ အဆင်မပြေမှုတွေ ရှိနေတဲ့အပြင် အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လူးဝစ်ကမ်ပို့စ်နဲ့လည်း ဆက်ဆံရေးပိုင်းမှာ မပြေလည်တာတွေ ရှိနေတာကြောင့် ပီအက်စ်ဂျီဘက်က နေမာကို အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Neymar-Leo

Photo Credit : Goal

ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာကတည်းက နေမာ ကို အသင်းကနေ ရောင်းထုတ်ဖို့ စီစဉ်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းဟာ လာမယ့်နွေမှာလည်း အဲ့ဒီ ပုံစံအတိုင်း ပြန်လည် စီစဉ်လာနိုင်သလို အဲ့ဒီအချိန်တုန်းက နယူးကာဆယ်က နေမာကို ခေါ်ယူမယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ရာ အခုလည်း ချဲလ်ဆီးက နေမာကို အရ ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ရပါတယ်။

Featured Photo : The Sun