၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကတော့ မနေ့ညကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲအပြီးမှာတော့ ယူရိုပါလိဂ် ဘုရင်ကြီးလို့ တင်စား ခေါ်ဆိုခံထားရတဲ့ ဆီဗီလာအသင်းကပဲ ပြိုင်ဘက် ရိုးမားအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး (၇)ကြိမ်မြောက် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။

real madrid

Photo Credit : The Wall Street Journal

ဆိုတော့ မနှစ်ကမှ စတင် ကျင်းပတဲ့ ကွန်းဖရန့်စ်လိဂ်ကို ခဏ ဖယ်ထားပြီး ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေဘက်ကို ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်မှာ လာလီဂါကလပ် ရီးယဲလ် မက်ဒရစ်က အအောင်မြင်ဆုံး အသင်း ဖြစ်နေသလို ယူရိုပါလိဂ်မှာလည်း လာလီဂါကလပ် ဆီဗီလာကပဲ အအောင်မြင်ဆုံး အသင်း ဖြစ်နေရပါတယ်။ ရီးယဲလ်က ချန်ပီယံလိဂ်မှာ ဖိုင်နယ်ကို စုစုပေါင်း (၁၇)ကြိမ်အထိ တက်လှမ်းထားနိုင်ခဲ့ရာ (၁၄)ကြိမ်အထိ ချန်ပီယံ ဖြစ်ထားတယ် သူတို့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာကလည်း ၁၉၈၁ခုနှစ်သာ ဖြစ်ပါတယ်။

sevilla europa league champions

Photo Credit : Twitter

ရီးယဲလ်ထက် ပိုကြမ်းတာကတော့ ဆီဗီလာပါ။ ဆီဗီလာက ၂၀၀၆ခုနှစ်ကနေ စတင်ပြီး အခု ၂၀၂၃ခုနှစ်အထိ ယူရိုပါလိဂ် ဖိုင်နယ်တွေကို (၇)ကြိမ်အထိ တက်လှမ်းထားနိုင်ခဲ့ပြီး အဲ့ဒီ (၇)ကြိမ်လုံးမှာ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ၂၀၁၀ခုနှစ်နောက်ပိုင်း ယူရိုပါလိဂ်ပြိုင်ပွဲဘက်မှာ စပိန် လာလီဂါ ကလပ်အသင်းတွေက ယူရိုပါလိဂ် ချန်ပီယံဆုကို (၈)ကြိမ်အထိ ရယူခဲ့ပြီး ၂၀၁၁-၂၀၁၂ ရာသီမှာဆိုရင် အသက်လက်တီကို မက်ဒရစ် နဲ့ ဘီလ်ဘာအိုတို့ All Spanish Final အဖြစ်ပါ ထိပ်တိုက် တွေ့ဆုံဖူးပါသေးတယ်။

sevilla

Photo Credit : Twitter

ချန်ပီယံလိဂ်ဘက်ကို ကြည့်မယ်ဆိုရင်တော့ ၂၀၁၀ခုနှစ်နောက်ပိုင်း လာလီဂါကလပ်တွေက ချန်ပီယံလိဂ် ဖိုင်နယ်ကို (၇)ကြိမ်အထိ တက်လှမ်းခဲ့ပြီး (၇)ကြိမ်လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့အပြင် ၂၀၁၃-၂၀၁၄ နဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီတွေမှာလည်း စပိန် ကလပ်တွေ အချင်းချင်း ဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ပါတယ်။ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ ဖိုင်နယ်တွေဆီ စပိန်ကလပ်တွေ တတ်ရောက်လာခဲ့ပြီဆိုရင် စပိန်ကလပ်တွေကပဲ ချန်ပီယံ ဖြစ်သွားတတ်တာ အစဉ်အလာတစ်ခုလို ဖြစ်နေပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီပြိုင်ပွဲနှစ်ခုလုံး စပိန်ကလပ်တွေ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ ဘောလုံးရာသီက ၂၀၀၀-၂၀၀၁ ရာသီ ဖြစ်နေပြီး ချန်ပီယံလိဂ်မှာ ဗလင်စီယာက လေဗာကူဆင်ကို ရှုံးခဲ့သလို ယူရိုပါလိဂ်မှာတော့ အလာဗက်စ်က လီဗာပူးလ်ကို အရေးနိမ့်ခဲ့ပါတယ်။