မန်ယူနိုက်တက်အသင်းဟာ ယခင်က စပိန် လာလီဂါ ကလပ်အသင်းတွေနဲ့ ဥရောပ ပြိုင်ပွဲတွေအတွင်း ထိပ်တိုက် ဆုံတွေ့ရချိန်တိုင်းလိုလိုမှာ အရှုံးရလဒ်တွေသာ ထွက်ပေါ်လေ့ရှိလို့ ယူနိုက်တက်ကို စပိန်ကုန်းလို့ နောက်ပြောင် ခေါ်ဆိုကြပေမယ့်လည်း လက်ရှိမှာတော့ ယူနိုက်တက်က စပိန်ကြုံး ကလပ်အသင်းအဖြစ် ပြောင်းလဲလာခဲ့ရပါပြီ။

degea

Photo Credit : Sky Sports

တကယ်တော့ ယူနိုက်တက်ဟာ စပိန် ကလပ်တွေနဲ့ ရင်ဆိုင်လိုက်ရတိုင်းလိုလိုမှာ ရလဒ်မကောင်းတတ်တာ ထုံးစံလိုတောင် ဖြစ်နေပါတယ်။ နည်းပြကြီး ဖာဂူဆန်ခေတ်ကတည်းက ဘာစီလိုနာနဲ့ နှစ်ကြိမ်တိုင်တိုင် ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံခဲ့ရာ နှစ်ကြိမ်လုံး အရှုံးပေးခဲ့ရသလို ၂၀၂၀တုန်းကလည်း ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဆီဗီလာနဲ့ ရင်ဆိုင်ခဲ့ရတုန်းကလည်း ရှုံးနိမ့်ခဲ့သလို နောက်တစ်နှစ်အကြာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဗီလာရီးယဲလ်နဲ့ ဆုံတွေ့တုန်းကလည်း ပင်နယ်တီနဲ့ အရေးနိမ့်ရင်း ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

manutd lose spain clubs

Photo Credit : Sports Illustrated

ဒီလို အခြေအနေကြီးတွေတင် မကသေးပဲ ၂၀၁၈ခုနှစ်မှာ ယူနိုက်တက်ကို စပိန် ကလပ် ဆီဗီလာက (၁၆)သင်းအဆင့်ကနေ ဖြုတ်ချခဲ့ပြီး ၂၀၁၉မှာလည်း ဘာစီလိုနာက ကွာတားဖိုင်နယ်ကနေ ဖယ်ရှားသွားခဲ့ပါတယ်။ မနှစ်ကဆိုရင်လည်း အသက်လက်တီကိုက (၁၆)သင်းအဆင့်ကနေ ယူနိုက်တက်ကို အိမ်ပြန်စေခဲ့လို့ ဘောလုံးပရိသတ် အများစုက ယူနိုက်တက်ကို စပိန်ကုန်းဆိုပြီး လှောင်ပြောင်လာခဲ့ကြပါတော့တယ်။ ဒီရာသီရဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွေမှာလည်း ဆိုစီဒက်ကို အိမ်ကွင်းမှာ ရှုံးပြီး အဝေးကွင်းမှာ သရေသာ ကစားနိုင်ခဲ့လို့ အုပ်စုပထမနေရာနဲ့ပါ လွဲချော်ပြီး ပလေးအော့ပါ ထပ်ကစားခဲ့ရပါသေးတယ်။

antony ganarcho

Photo Credit : Sky Sports

ဒါပေမယ့် လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ စပိန်ကြုံး ကလပ်အသင်း ဖြစ်လာခဲ့ရပါပြီ။ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့မှာ ချန်ပီယံလိဂ် အုပ်စုပြုတ်လာခဲ့တဲ့ ဘာစီလိုနာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ရင်း နူးကမ့်မှာ သရေ အိုးထရက်ဖို့ဒ်မှာ comeback နဲ့ အနိုင်ယူပြီး ကျော်ဖြတ်ခဲ့သလို အခုလည်း လာလီဂါမှာ ခြေစွာလှပါပေတဲ့ ရီးယဲလ်ဘက်တစ်လို အသင်းမျိုးကို မန်ချက်စတာမှာရော ဆီဗီးလ်မှာပါ နှစ်ကျော့စလုံး အနိုင်ယူပြီး ကျော်ဖြတ်ခဲ့ပါသေးတယ်။ လက်ရှိမှာ ယူနိုက်တက်နဲ့ ဆုံတွေ့နိုင်စရာ စပိန် ကလပ်က ဆီဗီလာသာ ရှိနေပါတော့တယ်။ တကယ်လို့ ဆီဗီလာနဲ့သာ ထပ်မံ ဆုံတွေ့ခဲ့မယ်ဆိုရင်ရော ယူနိုက်တက်တို့ ဒီစပိန်ကလပ်ကိုပါ ထပ်မံ ကျော်ဖြတ်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Featured Photo : Manchester United’s Twitter