ချန်ပီယံလိဂ် ညချမ်းတွေနဲ့ ပြန်လည် ဖြတ်သန်းထားခဲ့ရတဲ့ ကွီးတိုကို ဒီနေ့ညမှာလည်း ယူရိုပါလိဂ် ဘက်အခြမ်းရှိ ပွဲကောင်းတစ်ပွဲက ထပ်မံ စောင့်ကြိုလို့ နေပါတယ်။ ယခင်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ထိမှာပါ တစ်ကြိမ်မက ဆုံခဲ့ဖူးကြတဲ့ ဘာစီလိုနာ နဲ့ မန်ယူနိုက်တက်အသင်းတို ယူရိုပါလိဂ်မှာ ထိပ်တိုက် ရင်ဆိုင်ကြရမယ့် ပွဲစဥ်ဟာ ဘောလုံးဝါသနာအိုး ကွီးတို့အတွက် သေချာပေါက် ကို စောင့်ကြည့်ရမယ့် ပွဲတစ်ပွဲ ဖြစ်နေပါလိမ့်မယ်။

Barcelona

Photo Credit : Bola Okezone

ဘာစီလိုနာက ဒီရာသီမှာ အတတ်အကျတွေ များနေရပြီး ချန်ပီယံလိဂ်ကနေ ယူရိုပါလိဂ် ကို (၂)နှစ်ဆက်တိုက် ဆင်းလာခဲ့ရတဲ့အထိ အခြေအနေဆိုးမျိုးနဲ့လည်း ကြုံတွေ့ထားပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာက ပုံစံကောင်း ရလဒ်ကောင်းတွေနဲ့ ဖြတ်သန်းနေပြီး အသင်းရဲ့ ခံစစ်ပိုင်းဟာလည်း နောက်ဆုံး ကစားထားတဲ့ (၁၀)ပွဲမှာ (၄)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ စပိန်စူပါဖလားကို ရယူထားနိုင်ခဲ့တဲ့ ဇာဗီရဲ့ ဘာစီလိုနာဟာ ဖလား(၄)လုံး လမ်းကြောင်းမှာ ရှိနေတာဖြစ်လို့ ယူရိုပါလိဂ်ဘက်မှာရော မန်ယူနိုက်တက်ကို ကျော်ဖြတ်သွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Man Utd

Photo Credit : Sports Illustrated

အဲရစ်တန်ဟက်ဂ် လက်ထက်မှာ ခြေစွမ်းပိုင်းတွေ ရလဒ်ပိုင်းတွေ တဖြည်းဖြည်းနဲ့ ပြန်လည် ကောင်းမွန်လာတဲ့ မန်ယူနိုက်တက်ဟာလည်း ဒီနောက်ပိုင်း ကစားထားခဲ့တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ် တစ်သင်းတည်းကိုပဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာ ကစားသမားအင်အား မတောင့်တင်းလွန်းနေတာက ယူနိုက်တက်အတွက် ပြဿနာတစ်ခုလို ဖြစ်နေရပါတယ်။ ဒီပွဲမှာလည်း ကွင်းလယ်လူ ကက်စီမဲရိုး ကစားနိုင်မယ် ဆိုပေမယ့် အဓိက နောက်ခံလူ မာတီနက်ဇ်နဲ့ ကစားသမားသစ် ဆာဘစ်ဇာတို့ ပွဲပယ်ခံထားရပြီး အန်တိုနီ ၊ အဲရစ်ဆန် ၊ တွမ်မီနေး ၊ မာရှယ်နဲ့ ဗန်ဒယ်ဘိခ်တို့လည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Barcelona vs Man United

Photo Credit : InsideSport

အိမ်ရှင် ဘာစီလိုနာက ဒမ်ဘီလီ ဘူးစကတ်စ်တို့ကလွဲပြီး ကျန်တဲ့ ကစားသမားတွေ အစုံအလင် ပါဝင်လာမှာဖြစ်လို့ မန်ယူနိုက်တက်ထက် ပိုမို အားသာနေနိုင်သလို ကစားရမှာကလည်း ဘာစီလိုနာရဲ့နူးကမ့်ကွင်းကြီး ဖြစ်နေတာကလည်း အိမ်ရှင်အသင်းအတွက် အားသာချက်ပါ။ တစ်ချိန်က ချန်ပီယံလိဂ်မှာသာ တွေ့ဆုံရလေ့ရှိတဲ့ ဒီနှစ်သင်း အခု ချန်ပီယံလိဂ်ထက် တစ်ဆင့် နိမ့်ပါးနေတဲ့ ယူရိုပါလိဂ် ပြိုင်ပွဲအတွင်း တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့နေခြင်းဟာ ဘယ်အသင်း နောက်တစ်ဆင့်ကို ရောက်သွားမလဲဆိုတာကိုပါ ခန့်မှန်းရခက်စေတဲ့အထိ စိတ်ဝင်စားဖို့ကောင်းပါတယ်။ လက်ရှိ နူးကမ့်မှာ ကစားရမယ့် ပထမအကျော့မှာရော အိမ်ရှင်အသင်းက အစဉ်အလာကောင်းတွေအတိုင်း ဧည့်သည်အသင်းကို အနိုင်ယူသွားနိုင်မလား ဒါမှမဟုတ် ဧည့်သည်အသင်းက စပိန်မြေမှာ ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်ပြနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Featured Photo : The Sun