မန်စီးတီးအသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက် ဒုကျော့ပွဲစဉ်မှာ စီးတီး အသင်းအတွက် တိုက်စစ်ကစားသမား အာလင်း ဟာလန်း တစ်ဦးတည်းကပဲ သွင်းဂိုး(၅)ဂိုးအထိ သွင်းယူပေးခဲ့ပြီး အသင်းကိုလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

haaland & pep

Photo Credit : Sky Sports

ဒီနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူ နော်ဝေ ကစားသမားလေး ဟာလန်းဟာ မန်စီးတီးရဲ့ ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာပဲ (၂)ဂိုး စတင် သွင်းယူပေးခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် နော်တင်ဟမ်ဖောရက်စ် မန်ယူနိုက်တက်နဲ့ ဝုလ်ဗ်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ဟက်ထရစ် သွင်းယူခဲ့သလို လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာပါ နောက်ထပ် ဟက်ထရစ်ကို ရယူနိုင်ခဲ့လို့ ရာသီမပြီးဆုံးခင်မှာပဲ ဟက်ထရစ် (၅)ကြိမ်အထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။

Erling

Photo Credit : FOX Sports

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ရောက်ရောက်ချင်းမှာပဲ ဒီပြိုင်ပွဲထဲ ယခင်ကတည်းက ရှိထားခဲ့ဖူးတဲ့ စံချိန် မှတ်တမ်းတွေကို တစ်ခုပြီးတစ်ခု ရိုက်ချိုးထားနိုင်ခဲ့တဲ့ ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီက ပူးတွဲ ရွှေဖိနပ်ဆုရှင်တွေ ဖြစ်ထားခဲ့တဲ့ မိုဆာလာနဲ့ ဆွန်ဟောင်မင်တို့ရဲ့ ဂိုးအရေအတွက်တွေကို ကျော်လွန်ခဲ့ရသလို မန်စီးတီးအတွက် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုး အများဆုံး သွင်းယူထားနိုင်သူ အဂွဲရိုးရဲ့ ဂိုးပမာဏကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခု ဟာလန်းက ပရီးမီးယားလိဂ်မှာ (၂၈)ဂိုး ချန်ပီယံလိဂ်မှာ (၁၀)ဂိုး လိဂ်ဖလားမှာ (၁)ဂိုး သွင်းယူထားပြီး ပြိုင်ပွဲစုံ သူရဲ့ စုစုပေါင်း ဂိုးအရေအတွက်က (၃၉)ဂိုးအထိ ရှိနေပါတယ်။

Haaland

Photo Credit : Planet Football

ဟာလန်းက လက်ရှိမှာ ဥရောပ အမှတ်ပေးလိဂ် ပြိုင်ပွဲအတွင်း (၂၈)ဂိုးအထိ သွင်းယူထားနိုင်သလို တခြားသော လိဂ်တွေမှာကလည်း ဟာလန်းလောက်နီးနီး သွင်းယူထားနိုင်တာမျိုးတောင် မရှိသေးလို့ ဥရောပ ရွှေဖိနပ်ဆုအတွက် လုံးဝ သေချာနေသလို ပရီးမီးယားလိဂ်မှာလည်း ဂိုးသွင်းဘုရင်ဆုကိုပါ ပူးတွဲ ရယူနိုင်ဖို့ပါ အလားအလာကောင်းနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း (၁၀)ဂိုးအထိ သွင်းယူထားလို့ ဒီရာသီ ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းအများဆုကို မျှော်မှန်းလို့ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေရပါတယ်။ ဒါကြောင့် ဒီလို နော်ဝေ ဂိုးသွင်းစက် ကို ပိုင်ဆိုင်ထားရတာဟာ မန်စီးတီးအတွက်တော့ တကယ့်ကို အဖိုးတန်လှတယ်လို့ ဆိုချင်ပါတယ်။

Featured Photo : Manchester City FC