ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ် ပွဲစဥ်တစ်ပွဲကတော့ မနေ့ညကပဲ အဆုံးသတ်သွားပါပြီ။ အင်တာမီလန်က မီလန်ဒါဘီမှာ နိုင်ပွဲရပြီး ဖိုင်နယ်အထိ တက်လှမ်းထားပြီမို့ ဖိုင်နယ်မှာ သူတို့ ရင်ဆိုင်ရမယ့် အသင်းက မန်စီးတီးလား ရီးယဲလ် မက်ဒရစ်လား ဆိုတာကို ဒီညမှာပဲ အဖြေရှာသွားရပါတော့မယ်။

chammpions league semi final

Photo Credit : SuperSport

စီးတီး နဲ့ ရီးယဲလ်တို့က ဘာနေဗျူးမှာ တွေ့ဆုံထားချိန် တစ်ဖက်ကို တစ်ဂိုးစီ သရေကျထားခဲ့လို့ အခု အယ်တီဟတ်မှာ ပြန်ကစားရမယ့် ဒုကျော့ပွဲက ဖိုင်နယ်ပွဲကြီး တစ်ပွဲလို ခံစားချက်မျိုး စိတ်လှုပ်ရှားမှုမျိုး ပေးနိုင်မှာ သေချာပါတယ်။ ​ဒီပွဲကနေ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာမလဲ ဘယ်အသင်းက ဖိုင်နယ်ကို တက်လှမ်းသွားမလဲ ဆိုတာကလည်း မှန်းဆလို့ မရနိုင်လောက်အောင် ဖြစ်နေသလို နှစ်သင်းလုံးက ရေကုန်ရေခမ်း အပီဆော်ကြမှာမို့ လုံးဝ ပွဲကောင်းတစ်ပွဲ ဖြစ်နေပါလိမ့်မယ်။

city vs real

Photo Credit : Sport Brief

ပကျော့ပွဲစဥ်တုန်းကလည်း အရမ်းကြည့်ကောင်းခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး နှစ်သင်းလုံးရဲ့ အကောင်းဆုံး ကစားဟန်တွေက ပွဲကြည့် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ လက်ရှိ နှစ်သင်းလုံးရဲ့ ကစားသမား အခြေအနေတွေအရ စီးတီးဘက်က နောက်ခံလူ နေသန်အကီ တစ်ဦးတည်းကလွဲပြီး ကျန်တဲ့ ကစားသမားတွေ available ဖြစ်နေကြပြီး ရီးယဲလ်ဘက်မှာလည်း ဒဏ်ရာ ပွဲပယ်တွေ လုံးဝ ကင်းစင်နေတာမို့ နှစ်သင်းလုံးက အဓိက ကစားသမား အစုံအလင်နဲ့ ရင်ဆိုင်ကြဖွယ် ရှိနေပါတယ်။

Man City vs Real Madrid

Photo Credit : The Sun

ဒါကြောင့် ပကျော့ရလဒ်အရရော နှစ်သင်းလုံးရဲ့ အနေအထားအရပါ တကယ်ကို အကြိတ်အနယ် ရှိလာနိုင်ပြီး လတ်တလော form အရဆိုရင်တော့ အိမ်ရှင်အဖြစ် လက်ခံ ကစားသွားရမယ့် စီးတီးက အနည်းလေး သာလွန်နေဖွယ်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ရီးယဲလ်က ချန်ပီယံလိဂ်မှာ ဘယ်လိုမှ လျှော့တွက်လို့ မရတဲ့ ကလပ်အသင်းကြီး ဖြစ်နေသလို သူတို့ထက် ပိုကောင်းလှပါတယ်ဆိုတဲ့ အသင်းမျိုးတွေကိုတောင် ကျော်ဖြတ်နိုင်ခဲ့တဲ့ သာဓကတွေလည်း ရှိဖူးတာကြောင့် ဘယ်အသင်းပဲ ဖိုင်နယ်တက်တက် ကျွန်တော်တို့လို ပွဲကြည့်ပရိသတ်တွေအတွက် လုံးဝ ရင်ခုန် စိတ်လှုပ်ရှားနိုင်စေမယ့် ပွဲကြီးပွဲကောင်း ဖြစ်လာမှာတော့ အမှန်ပါပဲ။

Featured Photo : Manchester City FC