မနေ့ညက ဆင်ပျံကြီး အာဆင်နယ်အသင်းက လန်ဒန်ဒါဘီ ပွဲစဥ်အဖြစ် ဟမ်းမားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲအစပိုင်းမှာပဲ ဂါဘရီရယ် ဂျေဇူး ၊ မာတင် အိုဒီဂတ်တို့ရဲ့ဂိုးတွေနဲ့ ပွဲကို စောစောစီးစီး ဦးဆောင်ထားခဲ့ပေမယ့် ဆင်ပျံတို့က ဒီရလဒ်ကို မထိန်းထားနိုင်ပဲ ချေပဂိုးတွေ ပြန်ပေးရင်း သရေကျကာ အမှတ် ထပ်မံ ဆုံးရှုံးခဲ့ရပြန်ပါတယ်။
Photo Credit : Twitter
အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို (၂)ဂိုးပြတ် ဦးဆောင်ထားပြီးမှ ချေပဂိုး (၂) ပြန်လည် ခွင့်ပြုခဲ့ရင်း အမှတ် (၂)မှတ် ဆုံးရှုံးခဲ့ရပြီး အခုလည်း လန်ဒန်ဒါဘီ ပွဲအတွင်း နောက်ထပ် (၂)မှတ်ပါ ထပ်လျော့သွားခဲ့ရပြန်ပါတယ်။ လီဗာပူးလ်လို အန်ဖီးလ်ကွင်းမှာ အလွန် အားကောင်းတဲ့ အသင်းမျိုးနဲ့ ယှဥ်ကစားရင်း သရေကျသွားတာက အာဆင်နယ်အတွက် ပြောစရာ မရှိပေမယ့် ဝက်စ်ဟမ်းကို သရေကျတာကတော့ အမှတ်ပေး ချန်ပီယံဆုကို ရယူဖို့ နီးစပ်နေတဲ့ အာဆင်နယ်အတွက် လက်မခံချင်စရာ ဖြစ်ခဲ့ရပါတယ်။
Photo Credit : Twitter
အာဆင်နယ်အနေနဲ့ ပွဲအစ (၁၀)မိနစ်ကတည်းက ပြိုင်ဘက်ကို (၂)ဂိုးအသာနဲ့ ဦးဆောင်ထားချိန် ဆက်လက် ဖိအားပေး ကစားရင်း ဒီထက်မက ပြတ်သားတဲ့ ရလဒ်ကို ဖန်တီးသင့်ခဲ့ပါလျက်နဲ့ ပင်နယ်တီ ပြစ်ဒဏ်ကနေ ချေပဂိုး စတင် ခွင့်ပြုခဲ့ရသလို ကိုယ့်အသင်းဘက်က ပြန်လည် ရရှိလာတဲ့ ပင်နယ်တီကျတော့လည်း ဆာကာက ဝင်အောင် မကန်နိုင်ခဲ့တာ ပိုဆိုးသွားခဲ့ပါတယ်။ ဒီပင်နယ်တီ မဝင်ပြီး မရှေးမနှောင်းမှာပဲ ဝက်စ်ဟမ်းက နောက်ထပ် ချေပဂိုး ထပ်ရသွားခဲ့ပြန်ပါတယ်။ တကယ်တော့ တစ်ဖက် (၂)ဂိုးစီ ဖြစ်နေချိန်မှာ လက်ကျန် မိနစ်က (၄၀)လောက် ရှိနေသေးပေမယ့် အာဆင်နယ်ဘက်က သေချာပေါက် ဂိုးရနိုင်လိုက်တဲ့ အခွင့်အရေးတွေ ထပ်မရလာခဲ့ပဲ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။
Photo Credit : Twitter
ဒီလို (၂)ပွဲဆက်တိုက် အမှတ်လျော့ထားချိန်မှာ အနောက်ကနေ ဆက်တိုက် ဖိအားပေးနေတဲ့ စီးတီးက နိုင်ပွဲတွေ တောက်လျှောက် ရရှိနေလို့ အခုဆိုရင် အာဆင်နယ် နဲ့ စီးတီးတို့ကြားမှာ (၄)မှတ်သာ ကွာဟနေတော့သလို စီးတီးက ပွဲကျန်(၁)ပွဲလည်း ရှိနေတဲ့အပြင် သူတို့နှစ်သင်းက Etihad မှာပါ တွေ့ဆုံရဦးမှာဖြစ်လို့ ဆင်ပျံကြီး အာဆင်နယ်အတွက်ကတော့ ဆူးခင်းလမ်းကို ဖြတ်သန်းရတော့မယ့် အချိန်အခါ ဖြစ်လာရပါတော့မယ်။
Featured Photo : Twitter