ဥရောပ အောင်မြင်မှုတွေနဲ့ မရှိသလောက် အလှမ်းဝေးနေရသေးချိန် ဒီရာသီရဲ့ အကောင်းဆုံးသော form တစ်ခုကြောင့် အာဆင်နယ်အသင်းကို ယူရိုပါလိဂ် ပြိုင်ပွဲမှာ တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်ခဲ့မိပေမယ့် မနေ့ညကပဲ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကို အရေးနိမ့်ပြီး ယူရိုပါလိဂ်ကနေ ထွက်ခွာသွားခဲ့ရပြန်ပါတယ်။

ben white

Photo Credit : Goal’s Twitter

ပရီးမီးယားလိဂ်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းထက် ရမှတ်(၅)မှတ်အသာနဲ့ ဇယားထိပ်ကနေ ခပ်တည်တည် ဦးဆောင်ထားတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အပြင် ယူရိုပါလိဂ် မှာပါ အောင်မြင်မှု ရယူနိုင်မယ့် အနေအထား တနည်းအားဖြင့် အဓိက ဆုဖလား(၂)လုံး လမ်းကြောင်းပေါ်မှာ ရှိနေတယ် ဆိုပေမယ့်လည်း ယူရိုပါလိဂ်မှာ (၁၆)သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရတယ်ဆိုတာက ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ဖို့အတွက်လား နည်းပြအာတေတာပဲ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်းတွေ မှားယွင်းခဲ့တာကြောင့်များလားဆိုတာ စဉ်းစားရခက်စေနိုင်ပါတယ်။

arteta

Photo Credit : ESPN’s Twitter

ပထမအကျော့ ပေါ်တူဂီမြေမှာ (၂)ဂိုးစီ သရေကျထားချိန် လန်ဒန် Emirates မှာ ပြန်ကစားရတဲ့ ဒုကျော့ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူဖို့ လိုအပ်နေတဲ့ အာဆင်နယ်က ချာကာရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကွင်းလယ်လူ ဂွန်ကာဗစ်ရဲ့ အဝေးကန်ချက်နဲ့ ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ အချိန်ပို နာရီဝက်အထိ တစ်ဖက်တစ်ဂိုးစီ ဖြစ်နေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အာဆင်နယ်ဘက်က မာတင်နယ်လီ ကန်ချက်ကို စပို့တင်းဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် ပင်နယ်တီ (၅-၃)နဲ့ အာဆင်နယ်တို့ ယူရိုပါလိဂ် က ပြုတ်သွားခဲ့ရပါတယ်။

arsenal

Photo Credit : Livescore’s Twitter

ဒီလို ပြိုင်ပွဲတစ်ခုကနေ ထွက်ခွာခဲ့ရခြင်းက ပရီးမီးယားလိဂ်ဘက်ကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့အတွက် ပိုကောင်းသွားနိုင်တယ်လို့ ယူဆနိုင်ပေမယ့်လည်း ဒီရာသီမှာ အသင်းက စုဖွဲ့မှုကောင်းတွေ form ကောင်းတွေ ပိုင်ဆိုင်ထားချိန် ယူရိုပါလိဂ်ပြိုင်ပွဲဘက်မှာ အောင်မြင်မှုတစ်ခုခု ရယူနိုင်အောင် ကြိုးစားကြည့်သင့်ပါတယ်။ ဒါပေမယ့်လည်း အခုကတော့ ပရီးမီးယားလိဂ်ကလွဲပြီး တခြား ဘယ်ပြိုင်ပွဲမှ မရှိတော့တာဖြစ်လို့ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ကျန်(၁၁)ပွဲကို ဖလား ဗိုလ်လုပွဲ (၁၁)ပွဲလို သဘောထားပြီး ယှဉ်ပြိုင်သွားရပါတော့မယ်။

Featured Photo : Twitter