လီဗာပူးလ် ရဲ့ အန်ဖီးလ်ကွင်းဆိုတာ ပြိုင်ဘက် ဘောလုံးအသင်းတွေအတွက်ကတော့ အိမ်မက်ဆိုးတွေ မက်စေနိုင်တဲ့ နေရာတစ်ခုပါ။ ဒီလို အန်ဖီးလ်ကွင်းမှာ ရီးယဲလ် မက်ဒရစ်အသင်း ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း (၂-၅)ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှုံးပေးခဲ့ရလို့ အခု ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ပြန်လာနိုင်ပါတော့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။

benzema

Photo Credit : The Guardian

ဖေဖော်ဝါရီ (၂၂)ရက်နေ့ အန်ဖီးလ်မှာ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အတွင်း လီဗာပူးလ် အသင်းက နူးနက်ဇ် ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို စောစောစီးစီး ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းမှာပဲ (၂)ဂိုးလုံး ချေပခံခဲ့ရသလို ဒုတိယပိုင်းမှာလည်း ပေးဂိုး (၃)ဂိုး ပြန်လည် ခွင့်ပြုခဲ့ရင်း (၂-၅)နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ရှုံးပွဲအပြီးမှာ လီဗာပူးလ်တို့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်ကိုပါ အန်ဖီးလ်မှာ (၇)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပါသေးတယ်။
Real Madrid vs Liverpool

Photo Credit : Sportskeeda

ယူနိုက်တက်လို form ကောင်းနေတဲ့ အသင်းကိုမှ (၇-၀)ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ယူခဲ့လို့ ဒါဟာ ဘာနေဗျူးမှာ ပြန်ကစားရမယ့် ဒုကျော့ပွဲစဉ်အတွက် ရီးယဲလ်အသင်းကို တပ်လန့်လိုက်တာ ဖြစ်နိုင်တယ်ဆိုပြီး သုံးသပ်နေကျချိန်မှာပဲ လီဗာပူးလ်က ဘုန်းမောက်ကို ဗိုက်တယ်လက်တီကွင်းမှာ (၁-၀)နဲ့ ပြန် ရှုံးသွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် လီဗာပူးလ် တစ်သင်းတည်း ဒီလို အတတ်အကျတွေ ဖြစ်နေတာ မဟုတ်ပဲ ရီးယဲလ်လည်း တတ်လိုက်ကျလိုက် ဖြစ်နေရပြီး အထူးသဖြင့် လာလီဂါမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်လို့နေပါတယ်။

lfc vs real

Photo Credit : This is Anfield

ဒါပေမယ့် ရီးယဲလ်ကို တစ်ခု သတိထားမိတာကတော့ လာလီဂါမှာ ဘယ်လောက်ပဲ ရလဒ်တွေ ခြေစွမ်းတွေ မတည်ငြိမ်ပါစေ ချန်ပီယံလိဂ်ကို ရောက်သွားတာနဲ့ သူတို့ရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံတွေနဲ့ အကောင်းဆုံးသော ရလဒ်တွေကို စွမ်းဆောင်နိုင်တတ်ပါတယ်။ အခုလည်း ပထမအကျော့ ရလဒ်ကြောင့် ရီးယဲလ်တို့ ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့က ရာခိုင်နှုန်း အရမ်းများနေရပါပြီ။ ဒီအချိန်မှာ ဧည့်သည် လီဗာပူးလ် အသင်းက ဘယ်လို magic moments တွေနဲ့ အိမ်ရှင်အသင်းကို ကျော်ဖြတ်ဖို့ ကြိုးစားပြမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

Featured Photo : The Analyst