ရီးယဲလ်မက်ဒရစ် တိုက်စစ်ကစားသမားကြီး ကာရန် ဘန်ဇီမာ ကတော့ မနေ့ညက မော်ရိုကိုနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ရင်း သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့သလို ရီးယဲလ်ကစားသမားဘဝရဲ့ (၂၄)လုံးမြောက် ဆုဖလားမြောက် ဆုဖလားကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Benzema

Photo Credit : O Globo

ရီးယဲလ်အသင်းဆီကို လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ပြင်သစ် တိုက်စစ်ကစားသမား ဘန်ဇီမာ ဟာ အသင်းရဲ့ ဝါရင့် ကစားသမားကြီးတစ်ဦး ဖြစ်သလို အသင်းနဲ့ပါ အသင်းလိုက် အောင်မြင်မှုတွေ ၊ တစ်ဦးချင်း အောင်မြင်မှုတွေ များစွာကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်နေပါတယ်။

Benzema

Photo Credit : Goal

လိုင်ယွန်ကနေ ရီးယဲလ်ကို ပြောင်းရွှေ့ချိန်တုန်းက အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ချက်ချင်း မရရှိခဲ့တဲ့ ဘန်ဇီမာဟာ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှာတော့ စပိန်ပြည်တွင်းဖလားဖြစ်တဲ့ ကိုပါဒယ်ရေးကို စတင် ပိုင်ဆိုင်ခဲ့ပြီး အခုဆိုရင် ရီးယဲလ်ကစားသမားဘဝ အတွင်း ဘန်ဇီမာ ပိုင်ဆိုင်ခဲ့တဲ့ ဆုဖလား အရေအတွက် စုစုပေါင်းက (၂၄)ခုအထိတောင် ရှိလာခဲ့ရပါတယ်။

Karim Benzema

Photo Credit : Twitter

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ရဲ့ Ballon’dOr ဆုရှင် ဖြစ်ထားသူ ဘန်ဇီမာ ဟာ ရီးယဲလ်ကစားသမားဘဝအတွင်း စပိန် လာလီဂါ အမှတ်ပေးဖလား (၄)ကြိမ် ၊ ဥရောပ ချန်ပီယံလိဂ်ဖလား (၅)ကြိမ် ၊ ဥရောပ စူပါဖလား (၄)ကြိမ် ၊ ကလပ်ကမ္ဘာ့ဖလား (၅)ကြိမ် ၊ စပိန် ကိုပါဒယ်ရေးဖလား (၂)ကြိမ် ၊ စပိန် စူပါဖလား (၄)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ တစ်ဦးချင်း ဆုတံဆိပ်တွေအဖြစ် Ballon d’Or ဆု (၁)ကြိမ် ၊ UEFA The Best ဆု (၁)ကြိမ် ၊ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆု ပီချီချီဆု (၁)ကြိမ်နဲ့ အထင်ကရ ဆုပေါင်းများစွာကိုလည်း သိမ်းပိုက် ရယူထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၅)နှစ်အရွယ် ကစားသမားကြီး ဘန်ဇီမာ အနေနဲ့ နောက်ထပ် ဆုဖလားတစ်ခုကိုသာ ရရှိနိုင်ခဲ့မယ်ဆိုရင် အသင်းဖော်ဟောင်း မာဆယ်လိုရဲ့ ဆုဖလား အရေအတွက် (၂၅)ခုနဲ့ တူညီသွားမှာဖြစ်ပြီး ရီးယဲလ် ကစားသမားတွေထဲ ဆုဖလား အများဆုံး ပိုင်ဆိုင်ထားသူအဖြစ် မာဆယ်လိုနဲ့ ပူးတွဲ ရပ်တည်လာနိုင်မှာပဲ ဖြစ်ပါတယ်။

Feature Photo : Zing