စွန့်စားခန်း ဖွင့်ရတာ ဝါသနာပါတဲ့ တောင်တက် အားကစားသမား တွေအနေနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းဟာ သိပ်ကို အရေးပါပါတယ်။ တောင်တက် အားကစားနည်းဟာ အဓိကအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို အသုံးပြုပြီး ကစားရတာ ဖြစ်ပါတယ်။ ဒါကြောင့် တောက်တက် ကစားနည်းကို ကစားမယ့် သူတိုင်းဟာ ခွန်အား ၊ ဟန်ချက်ညီမှုနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ တောင်တက် အားကစားသမား တွေအတွက် တောင်တက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်မယ့် ကြံ့ခိုင်ရေး လေ့ကျင့်ခန်း တွေကို ပြောပြပေးချင်ပါတယ်။
(၁) Monkey Bars

Photo : Men’s Health
ဒီလေ့ကျင့်ခန်းကတော့ တောင်တက်တဲ့အခါ အဓိက အသုံးပြုရတဲ့ လက်ဖျံကြွက်သားတွေရဲ့ သန်မာမှုနဲ့ လက်ရဲ့ ဆုပ်ကိုင်စွမ်းအားကို ကောင်းမွန်စေဖို့ အထောက်ကူပြုပါတယ်။ Bars တန်းတွေကို ခိုပြီး Bars တန်း တစ်ဖက်အစကနေ အဆုံးအထိ ခိုကူးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်အပေါ်ပိုင်း ပခုံးကြွက်သား ၊ လက်ဖျံကြွက်သားနဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုပါ သန်မာစေပါတယ်။
(၂) Straight-Arm Plank
Photo : Men’s Journal
ဒီလေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိစေတဲ့ Full-Body Workout ဖြစ်ပြီး ဝမ်းဗိုက်အပေါ်ပိုင်း ကြွက်သား ၊ နံစောင်းကြွက်သား ၊ ဂုတ်ပိုးကြွက်သား ၊ လက်ဖျံကြွက်သား ၊ တင်ပါးဘေးဘက်ကြွက်သားနဲ့ ပေါင်ကြွက်သားတွေကို သန်မာစေပါတယ်။ ပြုလုပ်နည်းကလည်း လွယ်ပါတယ်။ လက်မောင်းတွေကို ကြမ်းပြင်ပေါ်မှာ ဆန့်တန်းထောက်ထားပြီး ခန္ဓာကိုယ်ဟန်ချက်ကို ကြာနိုင်သမျှ ကြာကြာထိန်းထားရုံပါပဲ။
(၃) Kettlebell Swings

Photo : Workout Plan
ဒီလေ့ကျင့်ခန်းက လက်ရဲ့ ဆုပ်ကိုင်အားကို ပိုမိုကောင်းစေပြီး တင်ပါးကြွက်သား ၊ ပေါင်ကြွက်သား ၊ လက်ဖျံကြွက်သား နဲ့ လက်မောင်းကြွက်သားတွေကို သန်မာစေပါတယ်။ ဘေးကင်းတဲ့ လေ့ကျင့်ခန်းပုံစံဖြစ်စေဖို့ ၁၀ ပေါင်ကနေ ၁၈ ပေါင်ကြား Kettlebell ကို အသုံးပြုပြီး ကစားဖို့ အကြံပြုချင်ပါတယ်။ ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး Kettlebell လွှဲချိန်မှာ ဒူးကို အလိုက်သင့် ကွေးပေးရမှာ ဖြစ်ပါတယ်။
(၄) Resistance Band Pull-Apart

Photo : Oxii
ဒီလေ့ကျင့်ခန်းက ပခုံးတွေကို သန်မာစေဖို့အတွက် ထိရောက်မှုအရှိဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒါ့အပြင် ညှပ်ရိုးကြွက်သား ၊ လက်ဖျံနဲ့ ပခုံးအပေါ်ပိုင်း ကြွက်သားတွေကို သန်မာစေပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်ဖို့ Resistance Band တစ်ခုလိုပါတယ်။ ခန္ဓာကိုယ် မျက်နှာမူရာ ရှေ့တည့်တည့်မှာ Resistance Band ကို ဆုပ်ကိုင်ပြီး မတ်တပ်ရပ်ပါ။ ပခုံးကြွက်သားတွေကို ညှစ်ထုတ်ပြီး လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖြည်းဖြည်းချင်း မူလစတင်တဲ့ အနေအထားကို ပြန်သွားပေးရပါမယ်။
Featured Photo : ActiveMan

