ဗိုက်ခေါက် ပြုတ်ဖို့ ၊ Six-Pack ထွက်ဖို့ ဘယ်ကစားနည်းတွေ ဆော့ရမလဲ ခေါင်းစားနေပြီလား ? တကယ်တော့ ဗိုက်ကစားနည်းပေါင်းက သောင်းခြောက်ထောင်လောက် ရှိပါတယ်။ အဓိကအားဖြင့် ဗိုက်ရိုက်နေရုံနဲ့လည်း အမိုက်စား Abs ကြွက်သားတွေ ရဖို့ မဖြစ်နိုင်ပါဘူး။ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမဏထက် လျှော့စားပြီး အိပ်ချိန် ၊ စားချိန် မှန်မှန်နဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို မွေးမြူမှသာ အဆီပိုကင်းပြီး အမြောင်းမြောင်းထနေတဲ့ Abs ကြွက်သားတွေကို ရရှိနိုင်မှာပါ။ ဒါကြောင့် အမိုက်စား ဗိုက်ကြွက်သားတွေ ထွက်လာဖို့ လေ့ကျင့်ခန်းနဲ့အတူ နေထိုင်မှုပုံစံကိုလည်း ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာကို သိထားရပါမယ်။ ဒီတစ်ခေါက်တော့ ရှယ်မိုက်တဲ့ Abs ကြွက်သားတွေ ရရှိဖို့ ကိရိယာလွတ် ကစားနိုင်တဲ့ ထိထိရောက်ရောက် Workout ကစားနည်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) Cross-Body Mountain Climber

Source : Onnit Academy

Cross-Body Mountain Climber လေ့ကျင့်ခန်း ကတော့ ဝမ်းဗိုက် ကြွက်သားပြင် တစ်ခုလုံးကို ထိရောက်မှု ရှိစေပါတယ်။ အဓိက နံရိုးအောက် ဝမ်းဗိုက် ဘေးဘက်ကြွက်သား လိုင်းတွေကို ထိစေပြီး တင်ကြွက်သားတွေရဲ့ လှုပ်ရှားမှုကိုလည်း တိုးစေပါတယ်။ ဒါတင်မကသေးပါဘူး ရင်ဘတ် ၊ ပခုံးနဲ့ Triceps တို့အပါအဝင် ခန္ဓာကိုယ်အပေါ်ပိုင်းကြံ့ခိုင်မှုနဲ့ တည်ငြိမ်မှု တို့ကို အားကောင်းလာစေဖို့ ကူညီပေးပါတယ်။ ၄၅ စက္ကန့် , ၃ ကျော့ ကစားပေးပါ။

(၂) Toe Touches

Source : Atomic Athlete

Toe Touches လေ့ကျင့်ခန်းက Core ကြွက်သားတွေရဲ့ Strength ကို တိုးစေပြီး အမိုက်စား Abs မာဆယ်တွေ ရဖို့ အထိရောက်ဆုံး လေ့ကျင့်ခန်း တစ်ခုပါပဲ။ ဒီလေ့ကျင့်ခန်းက ကိုယ်ဟန်အနေအထားကို မှန်ကန်စေဖို့ ကူညီပေးသလို ခါးအောက်ပိုင်း နာကျင်မှုဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ ၄၅ စက္ကန့် , ၃ ကျော့ ကစားပေးပါ။

(၃) Bicycle Crunch

Source : Onnit Academy

Bicycle Crunch ကတော့ ခန္ဓာကိုယ်ကို အဆက်မပြတ် လှုပ်ရှားပြီး ကစားရတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်တာကြောင့် ကယ်လိုရီလောင်ကျွမ်းမှု များပြီး နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက် Abs ကြွက်သားတွေရဲ့ ကျစ်လစ်သန်မာမှုနဲ့ တည်ငြိမ်မှုကို တိုးစေပြီး ခါးမှာရှိတဲ့ အဆီပိုကို ထိထိရောက်ရောက် ကျစေမှာ ဖြစ်ပါတယ်။ ၄၅ စက္ကန့် , ၃ ကျော့ ကစားပေးပါ။

(၄) Flutter Kick

Source : Onnit Academy

Flutter Kick လေ့ကျင့်ခန်းက ဝမ်းဗိုက် အလယ်နဲ့ ဝမ်းဗိုက် အောက်ပိုင်းကြွက်သားတွေကို အမှန်တကယ် ထိရောက်မှု ရှိတဲ့ ကစားနည်းတစ်ခု ဖြစ်ပါတယ်။ တင်ပါးဆုံကြွက်သား ၊ နောက်ကျောအောက်ပိုင်း ကြွက်သားတွေအပြင် Quads ၊ Glutes ၊ ပေါင်နဲ့ Adductors ကြွက်သား အစိတ်အပိုင်းတွေရဲ့ သန်မာမှုကို အားကောင်းစေဖို့ ကူညီပေးပါတယ်။ တနည်းအားဖြင့် ပြောရရင် ဒီလေ့ကျင့်ခန်းက ရေကူးကန်သွားစရာမလိုပဲ ရေကူးသလို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ၄၅ စက္ကန့် , ၃ ကျော့ ကစားပေးပါ။

(၅) Side Plank

Source : Marcus Filly

Side Plank လေ့ကျင့်ခန်းက Abs ကြွက်သားတွေအတွက် အရမ်းကို ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေထဲက တစ်ခုပါ။ Glutes ၊ တင်ပါးနဲ့ ပခုံး ကြွက်သားတွေကိုပါ အားကောင်းစေပြီး ကျစ်လစ်သန်မာတဲ့ အမိုက်စား ဗိုက်ကြွက်သားတွေကို ရစေမှာ ဖြစ်ပါတယ်။ ဘယ်/ညာ တစ်လှည့်စီ ပြောင်းကစားပေးပါ။ တစ်ဖက်ကို ၄၅ စက္ကန့် , ၃ ကျော့ ကစားပေးပါ။

Featured Photo : Muscle & Fitness