အာဂျင်တီးနား ဝါရင့် တောင်ပံကစားသမားကြီး အန်ဂယ်လ် ဒီမာရီယာ ဟာ လက်ရှိမှာ အသက် (၃၅)နှစ်အရွယ်ကို ရောက်ရှိနေတဲ့ ကစားသမား တစ်ဦးပါ။ ၂၀၀၇ခုနှစ်ကနေ စတင်ပြီး ဒီမာရီယာဟာ ဘင်ဖီကာအသင်းနဲ့အတူ ဥရောပ ဘောလုံးနယ်ပယ်မှာ သူရဲ့ကစားသမားကို စတင် ကျင်လည်ခဲ့ရင်းနဲ့ အဲ့ဒီနောက်မှာတော့ ဘွန်ဒက်စ်လီဂါကလွဲပြီး ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေ နဲ့ လီဂူးဝမ်းတို့လို ဥရောပ ထိပ်သီးလိဂ်တွေမှာပါ ဘောလုံးသမားဘဝကို ဖြတ်သန်းခဲ့ရပါတယ်။

Angel Di Maria World Cup

Photo Credit : Khel Now

ဘင်ဖီကာ ၊ ရီးယဲလ် မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ပီအက်စ်ဂျီ နဲ့ ဂျုဗင်တပ်စ်အသင်းတွေမှာ ကလပ်အသင်း ကစားသမားဘဝကို ဖြတ်သန်းခဲ့ရင်း ချန်ပီယံလိဂ်ဖလား ဥရောပ စူပါဖလား လာလီဂါဖလား စီးရီးအေဖလား လီဂူးဝမ်းဖလား အစရှိတဲ့ မေဂျာဖလားတွေကို ပိုင်ဆိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းနဲ့လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဒီမာရီယာက ဒီနွေမှာတော့ ဂျုဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ရင်း သူရဲ့ ဥရောပ ပထမဆုံးကလပ် ဘင်ဖီကာအသင်းဆီ ပြန်သွားခဲ့ပါတယ်။

Angel Di Maria

Photo Credit : The Sun

“ဒီမာရီယာရဲ့ တစ်ပတ်လုပ်ခ ပမာဏက အသင်းရဲ့ salary cap ကို မကျော်လွန်ခဲ့ဘူး။ ပြီးတော့ သူက ဘာ လက်မှတ်ထိုးကြေး ဘောနပ်စ်ကိုမှ မယူပဲနဲ့ ကျွန်တော်တို့အသင်းဆီ ရောက်လာခဲ့တယ်။ သူရဲ့တစ်ပတ်လုပ်ခ ဘယ်လောက်ရမလဲဆိုတာကိုလည်း သူမသိချင်ခဲ့ဘူး။ နောက်ထပ်လည်း ဘာမှ မတောင်းဆိုခဲ့ပါဘူး။ ခင်ဗျား ကျွန်တော့်ကို ယူရို ဘယ်လောက်ပဲပေးပေး ပေးသလောက်နဲ့ ဘင်ဖီကာအတွက် တကယ် ကစားပေးသွားချင်တယ်လို့သာ သူက ကျွန်တော့်ကို ပြောခဲ့တာပါ။” လို့ ဒီမာရီယာနဲ့ ပတ်သက်ပြီး ဘင်ဖီကာ အသင်းဥက္ကဌ ရူအီ ကော်စတာက ပြောဆိုထားတာကလည်း ဒီမာရီယာ အတွက်တော့ တကယ်ကို လေးစားစရာပါ။

Di Maria

Photo Credit : Shutterstock

ဒီလိုမျိုး အသင်းအတွက် အကောင်းဆုံး ပေးဆပ်သွားဖို့ စိတ်အားထက်သန်တဲ့ ဒီမာရီယာ ဟာ အခုဆိုရင် ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ (၅)ပွဲ ကစားထားပြီးချိန်မှာ (၄)ဂိုးသွင်း (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပြီး ပေါ်တိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပေါ်တူဂီ စူပါဖလားပြိုင်ပွဲမှာ ဘင်ဖီကာအသင်းအတွက် တစ်ဂိုးသွင်းယူပေးကာ စူပါဖလားကို ရယူပေးခဲ့ပါတယ်။

Featured Photo : L’Equipe