ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီ အသင်းဟာ အသင်းရဲ့ လက်ရှိ နည်းပြ ခရစ္စတိုဖာ ဂယ်လ်တီယာကို နည်းပြရာထူးကနေ ထုတ်ပယ်ပြီး အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ သောမတ်စ် တူဟယ်လ်ကို အသင်းနည်းပြ ရာထူး ပြန်လည် ပေးအပ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal
ဂျာမန်လူမျိုး ဘောလုံးနည်းပြ တူဟယ်လ်ဟာ ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်ကနေ ပီအက်စ်ဂျီ အသင်းကို ပြောင်းလဲ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအတွက် ပွဲပေါင်း (၁၄၀)အထိ ကိုင်တွယ်ခဲ့ရာ နိုင်ပွဲ (၁၀၄)ပွဲ သရေ (၁၆)ပွဲ ရှုံးပွဲ (၂၀)ပွဲ လုပ်ဆောင်ထားနိုင်ခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်း (၇၄.၃)% ပိုင်ဆိုင်ခဲ့ကာ ဒါဟာ တူဟယ်လ်ရဲ့ နည်းပြ သက်တမ်းတစ်လျှောက် အမြင့်မားဆုံးသော နိုင်ပွဲရာခိုင်နှုန်း ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် တူဟယ်လ်ဟာ ပီအက်စ်ဂျီအသင်းကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit : We Ain’t Got Not History
ပီအက်စ်ဂျီ အသင်းက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရာသီဝက် မတိုင်ခင်မှာပဲ အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး သူရဲ့နေရာမှာ ပိုချက်တီနိုနဲ့ အစားထိုးခဲ့ပြီး တူဟယ်လ်ကတော့ ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဖြစ်လာခဲ့ရပါတယ်။ ပိုချက်တီနိုကိုလည်း ၂၀၂၂ ဇူလိုင်လမှာ ထုတ်ပယ်ခဲ့ပြန်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လူမျိုး ဘောလုံးနည်းပြ ဂယ်လ်တီယာကို ထပ်မံ ခန့်အပ်ခဲ့ပေမဲ့ ဂယ်လ်တီယာရဲ့ စွမ်းဆောင်ရည်အပေါ် သဘောကျခြင်း မရှိတာကြောင့် နည်းပြဟောင်း တူဟယ်လ်နဲ့ ပြန်လည် အစားထိုးသွားဖို့အတွက် စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
တူဟယ်လ်ဟာလည်း ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံရချိန်ကနေ ခုထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြတစ်ဦး ဖြစ်ပြီး တူဟယ်လ်လို နည်းစနစ်ပိုင်း ပိုင်နိုင်သူ နည်းပြမျိုးကို ကလပ်အသင်းများစွာက စောင့်ကြည့်လျက် ရှိနေပါတယ်။ နည်းပြတူဟယ်လ်ဟာ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူခဲ့စဉ် ဥရောပ အောင်မြင်မှုတွေ တစ်ပုံကြီး ရယူနိုင်ခဲ့တာကြောင့် သူ့ကို သူ့အသင်းဟောင်း ပီအက်စ်ဂျီက အသင်းနည်းပြအဖြစ် ပြန်လည် ခန့်အပ်သွားချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ ဟာ နည်းပြဟောင်း တူဟယ်လ်နဲ့ ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကိုပါ စောင့်ကြည့်နေပါတယ်။
Featured Photo : Goal
											
				
									
	
	
	
	
	