ဘိုင်ယန် မြူးနစ်အသင်းက ဘယ်သူ့ ဘယ်သူမှ မထင်ထားတဲ့ အချိန်မှာပဲ နည်းပြ အပြောင်းအလဲကို ထလုပ်ခဲ့ပြီး နာဂယ်စမန်းကို ရာထူးက ဖယ်ရှားကာ နာဂယ် စမန်းရဲ့ ဆရာဟောင်း သောမတ်စ် တူဟယ်လ် နဲ့ ပြောင်းလဲခဲ့ရာ အခုဆိုရင် ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို လက်လွတ်လိုက်ရပြီ ဖြစ်ပါတယ်။
Photo Credit : SportsMax
နာဂယ် out ရပြီး သူ့ဆရာ တူဟယ်လ် ရောက်လာလို့ ဘိုင်ယန်က တူဟယ်လ် လက်ထက် ပိုကြမ်းလာနိုင်တယ်လို့ ထင်ခဲ့ရပေမယ့် အခုတော့ ဘိုင်ယန်ဟာ သူတို့ နည်းပြသစ် တူဟယ်လ်လက်အောက်မှာ ယက်ကန်ယက်ကန် ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ တူဟယ်လ်က ဘိုင်ယန်ကို (၆)ပွဲကိုင်ထားပြီး (၃)ပွဲထိ ရှုံးထားခဲ့ရာ အဲ့ဒီ ရှုံးပွဲ (၃)ပွဲကနေ အဓိက ဆုဖလား (၂)လုံး လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။
Photo Credit : Bavarian Football Works
မန်စီးတီးလို အသင်းမျိုးကို ချန်ပီယံလိဂ်မှာ မကျော်ဖြတ်နိုင်တာက ဘိုင်ယန်အတွက် သိပ်မထူးဆန်းပေမယ့် ဖရိုင်းဘတ်ကို ပိုကယ်ဖလား ကွာတားဖိုင်နယ်မှာ အရေးနိမ့်ပြီးပြည်တွင်း ရှုံးထွက်ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာက တူဟယ်လ် အတွက် လူပြောချင်စရာ ဖြစ်သွားခဲ့ရပါတယ်။ ချန်ပီယံလိဂ်မှာလည်း စီးတီးကို နှစ်ကျော့ပေါင်း ရလဒ် (1-4)ဆိုတဲ့ ရလဒ်မျိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရတာလည်း တူဟယ်လ်အတွက် အထိနာစေရပြီး သူ့နေရာမှာသာ နာဂယ်စမန်းသာဆိုရင် ဒီလို ရလဒ်မျိုး ဖြစ်နိုင်ပါ့မလား စီးတီးကို ဖြတ်ကျော်သွားနိုင်မလား ဆိုတာတွေ ယှဥ်လာမှာ သေချာပါတယ်။
Photo Credit : Bavarian Football Works
အခုတော့ မောင်မင်းကြီးသား တူဟယ်လ်က ဂျာမန်ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကိုပဲ အလုံးစုံ အာရုံစိုက်ရပါတော့မယ်။ ဖြစ်ချင်တော့ ဒီတစ်ပတ်မှာ ဟော်ဖန်ဟင်မ်နဲ့ သရေကျထားခဲ့ရာ အမှတ်လျော့သွားရင်း ဒေါ့မွန်နဲ့ ရမှတ်ချင်း တူညီသွားခဲ့ရပါတယ်။ တကယ်လို့ တူဟယ်လ်သာ ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်လာအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုရင်တော့ နာဂယ် out ပြီး တူဟယ်လ် ရောက် တူဟယ်လ်ကြီး ကြောင်ပျောက်လို့သာ ပြောရပါတော့မယ်။
Featured Photo : Goal