အီတလီ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ နာပိုလီအသင်းနဲ့ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်တို့ကြားမှာ ပြဿနာတွေ ဖြစ်ပေါ်နေရပါတယ်။ အကြောင်းအရင်းကတော့ အိုဆင်မန် ပင်နယ်တီ လွဲချော်မှုနဲ့ ပတ်သက်ပြီး နာပိုလီဘက်က လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ပုဒ်ကို TikTok ပေါ်မှာ တင်လိုက်တာကြောင့် ဒီကိစ္စကို အိုဆင်မန်ဘက်က ဒေါသထွက်ခဲ့ရပါတယ်။

victor osimhen

Photo Credit : Eurosport

အိုဆင်မန်ဟာ နာပိုလီ နဲ့ ဘိုလော့ဂ်နာအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်း အသင်းအတွက် ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ရာ ပင်နယ်တီကို အိုဆင်မန်က အဆုံးသတ်ခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် နာပိုလီအသင်းအတွက် နစ်နာခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက နာပိုလီနည်းပြ ရူဒီ ဂါဆီယာက အိုဆင်မန်ကို လူစားလဲခဲ့လို့ ဂါဆီယာ နဲ့ အိုဆင်မန်တို့ကြား မပြေလည်မှုတွေ ရှိခဲ့ရပေမယ့်လည်း နောက်ပိုင်း ပြန်လည် အဆင်ပြေသွားချိန် အသင်းဘက်က အသင်းရဲ့ တရားဝင် TikTok ကနေ အိုဆင်မန် ပင်နယ်တီ လွဲချော်မှုအပေါ် လှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုကို ကောက်ခါငင်ခါ တင်လိုက်ပါတယ်။

osimhen missed penaty

Photo Credit : Reuters

နာပိုလီဘက်က သူတို့တင်ထားတဲ့ TikTok ဗီဒီယိုကို အချိန်အရမ်းမကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပေမယ့် အိုဆင်မန်ကတော့ ဒီလို လုပ်ဆောင်မှုအပေါ် လုံးဝ စိတ်ပျက်သွားခဲ့သလို နာပိုလီအသင်းကိုလည်း တရားစွဲဆိုဖို့အထိ စီစဉ်နေကြောင်း အိုဆင်မန်ရဲ့ အေးဂျင့်ဖြစ်သူက ပြောဆိုထားခဲ့ပါသေးတယ်။ ဒီကိစ္စတွေ ဖြစ်ပွားပြီးတဲ့နောက်မှာ အိုဆင်မန်ရဲ့ အနာဂတ် အခြေအနေတွေကပါ စတင် လှုပ်ခတ်လာခဲ့ပြီး လာမယ့် ဆောင်းဈေးကွက်အတွင်းမှာလည်း နာပိုလီကို စွန့်ခွာပြီး ကလပ်အသင်းသစ် တစ်သင်းသင်းကို ပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

osimhen napoli

Photo Credit : Sporting News

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နာပိုလီအသင်းကတော့ သူတို့အသင်းအနေနဲ့ အိုဆင်မန်လို အသင်းအတွက် အရေးပါလွန်းတဲ့ ကစားသမားတစ်ဦးအပေါ်မှာ စော်ကား လှောင်ပြောင်လိုစိတ် မရှိပါကြောင်းနဲ့ အခုလို ဗီဒီယိုကို တင်လိုက်ရတာကလည်း ပေါ့ပေါ့ပါးပါး ခံစားဖို့သာဖြစ်ကြောင်း ဒါ့အပြင် နွေဈေးကွက်တုန်းက အိုဆင်မန်အတွက် ကမ်းလှမ်းမှုတွေ အားလုံးကို ပယ်ချခဲ့တာကလည်း ဒီကစားသမားကို အသင်းမှာ ဆက်လက် ထားရှိစေချင်လို့ ဒီကစားသမားကို တန်ဖိုးထားလို့သာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Featured Photo : Reuters