ဘယ်ခေတ်ရောက်ရောက် သီချင်းတွေဟာ ဆယ်ကျော်သက်တွေရဲ့ အမြတ်နိုးဆုံးအနုပညာတစ်ခုအဖြစ် ရှိနေဆဲပါပဲ။ Music တွေအကြောင်း ပြောကြတဲ့အခါ အမျိုးအစားအလိုက် အများကြီး ကွဲပြားသွားလို့ ပြောမယ်ဆို ပြောစရာ အကြောင်းအရာအများကြီး ထွက်လာနိုင်ပါတယ်။ ခေတ်သစ်ဆယ်ကျော်သက်တွေရဲ့ အကြားမှာတော့ အခုပြောမယ့် ဂီတ အမျိုးအစားတွေက ပိုပြီး အကြိုက်တွေ့ကြပါတယ်။

(၁) Rock

Rock music

Photo : medium

၁၉၅၀ ပြည့်လွန်နှစ်တွေမှာ Rock ဂီတ ဟာ အမေရိကန်ကို Rock And Roll အဖြစ် ဝင်ရောက်လာခဲ့ပြီး ဂီတပုံစံအမျိုးမျိုးကို ဖွံ့ဖြိုးလာစေခဲ့ပါတယ်။ အခုချိန်အထိလည်း ရော့ခ်ဂီတဟာ ဆယ်ကျော်သက်တွေအကြားမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဂီတအမျိုးအစားတစ်ခုအနေနဲ့ လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အသက် ၁၆ နှစ်နဲ့ ၁၉ နှစ်အကြား လူငယ်တွေရဲ့ ၂၈% ဟာ ရော့ခ်ဂီတကို ခုံမင်စွဲလမ်းကြတယ်လို့ ဆိုပါတယ်။ နှစ်ပေါင်း ၇၀ ကြာ Rock ဂီတသမိုင်းမှာ The Beatles, The Rolling Stones, Jimi Hendrix, Bob Dylan, David Bowie, Jim Morrison, Nirvana, Pink Floyd နဲ့ AC / DC တို့ရဲ့ နာမည်ဟာ အနုပညာကောင်းကင်က ကြယ်တွေလို ထွန်းလင်းတောက်ပမြဲပဲ ဖြစ်ပါတယ်။

(၂) Electronic Dance Music (EDM)

EDM Music

Photo : fluance

EDM ကို Dance Music တစ်ခုအဖြစ် လူသိများကြပါတယ်။ နိုက်ကလပ်တွေမှာ လူကြိုက်များတဲ့ ဂီတတွေထဲမှာ Electronic Music က ထိပ်ဆုံးက ရှိနိုင်ပါတယ်။ EDM ဟာ သီချင်းတွေကို စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်အောင် ပေါင်းစပ်ဖန်တီးနိုင်တဲ့ DJs တွေရဲ့ ပင်မဂီတပုံစံ ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၉၀ နှစ်ဆန်းပိုင်းတွေမှာ စတင် ဖွံ့ဖြိုးလာခဲ့တာပါ။ အခုတော့ EDM ဟာ မြူးကြွခုန်ပေါက်ချင်တဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် သွေးတွေ ပွက်ပွက်ဆူစေတဲ့ ဂီတအဖြစ် ကမ္ဘာကျော် နေပြီ ဖြစ်ပါတယ်။

(၃) Pop

Music

Photo : soundrelief

Pop ဂီတ ဟာ ရင်ခုန်စိတ်လှုပ်ရှားတတ်စ ဆယ်ကျော်သက်တွေကနေ သက်လတ်ပိုင်းအရွယ် လူရွယ်တွေအထိ ခံစားနှစ်သက်ကြတဲ့ ဂီတတစ်ခု ဖြစ်နေပါတယ်။ နူးညံ့တဲ့ အချစ်နဲ့ အဆွေးဓါတ်ခံဖွဲ့ သီချင်းအမျိုးအစားတွေထဲမှာ Pop ဂီတကို ထိပ်ဆုံးက ဖော်ပြကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၁၆ နှစ်ကနေ ၁၉ နှစ်အတွင်း ဆယ်ကျော်သက်လူငယ်တွေရဲ့ ၅၂% ဟာ Pop Music ကို ချစ်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Pop Music ဟာ Soul ၊ Funk ၊ Disco ၊ Rock ၊ R&B စတဲ့ Music Genres တို့နဲ့ ဆက်စပ်ပါတယ်။ Pop ဂီတလောကမှာ Michael Jackson ကို King Of Pop အဖြစ် သတ်မှတ်ထားပါတယ်။ Michael Jackson အပြင် Madonna ၊ Britney Spears ၊ Mariah Carey ၊ Shakira ၊ Elton John နဲ့ Justin Timberlake တို့လည်း Pop Music နဲ့ ကမ္ဘာကျော် ပါတယ်။

(၄) Hip Hop

Hip Hop music

Photo : wikimedia

၁၉၇၀ ပြည့်လွန်နှစ်တွေဆီက နယူးယော့ခ်နေ အာဖရိကန်-အမေရိကန် လူငယ်တွေက စတင်ခဲ့တဲ့ Hip Hop ဂီတဟာ အမေရိကန်ကနေ တစ်ကမ္ဘာလုံးကို ပြန့်ပွားသွားတဲ့ အောင်မြင်ကျော်ကြား ဂီတအမျိုးအစားတစ်ခု အခိုင်အမာ ဖြစ်တည်နေပြီ ဖြစ်ပါတယ်။ အခုခေတ်မှာဆို ဆယ်ကျော်သက်အရွယ် ဖြတ်သန်းခဲ့သူတိုင်း Hip Hop သီချင်းတစ်ပုဒ်တော့ ကောင်းကောင်းကြီး သီဆိုတတ်သူတွေက များပါတယ်။
ကိုယ်ပိုင်ဖြစ်တည်မှုကို လွတ်လပ်အားကောင်းစွာ ဖော်ပြနိုင်မှု နဲ့ ဆန်းသစ်ပြီး ဘောင်ကျယ်တဲ့ လူမှုခေါင်းစဉ်တွေကို ဂီတထဲ စည်းချက်ကျကျ ပေါင်းစည်းနိုင်မှု အပြင် လူငယ်တွေရဲ့ ပုန်ကန်ပေါက်ကွဲချင်မှုကို ကောင်းကောင်းကြီး ဖော်ထုတ်နိုင်ခြင်းက Hip Hop ကို ဆယ်ကျော်သက်တွေ နှစ်သက်ရတဲ့ အဓိက အကြောင်းရင်းတွေလို့ ဆိုနိုင်ပါတယ်။

၂၀၁၈ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသနတစ်ရပ်အရ ၁၆ နှစ်ကနေ ၁၉ နှစ်အတွင်း လူငယ်တွေရဲ့ ၄၈% ဟာ Hip Hop ကို ချစ်မြတ်နိုးကြတယ်လို့ ဖော်ပြထားပါတယ်။ Hip Hop ဂီတလောကမှာ ထင်ပေါ် ကျော်ကြားသူတွေ ပြောမကုန်ပါဘူး။ 2Pac, Notorious BIG, Viodores del Verso, Eminem, 50Cent, Vanilla Ice, Wu-Tang Clan နဲ့ Snoop Dogg တို့ဆို Hip Hop လောကမှာ မသိသူမရှိ ကမ္ဘာကျော် ပါတယ်။

(၅) Country Music

Country Music
Photo : thestreet

Country ဂီတဟာ အမေရိကန်ရဲ့ ကျော်ကြားလှတဲ့ ခေတ်သစ် ဂီတ တစ်ခုဖြစ်ပြီး ကျေးလက်တေး‌တွေ ၊ ဘုရားကျောင်းတေးဂီတတွေနဲ့ အာဖရိကန် အမေရိကန်ဘလူးစ် ဂီတပုံစံတွေ ရောယှက်နေတဲ့ ဂီတမျိုး ဖြစ်ပါတယ်။ ဂစ်တာ ၊ မယ်ဒလင် ၊ တယော ၊ ဘင်ဂျိုစတဲ့ Acoustic တူရိယာတွေနဲ့ တီးခတ်လေ့ရှိပြီး အသံသာသာနဲ့ ငြိမ့်ငြိမ့်အေးအေး သီဆိုတာကြောင့် ကလေးကနေ လူကြီးအထိ အကြိုက်တွေ့ကြပါတယ်။
လေ့လာမှုတွေအရ ဆယ်ကျော်သက်တွေရဲ့ ၁၅.၅% ဟာ ဂီတအမျိုးအစား Music Genre တစ်မျိုးတည်းပဲ ရွေးချယ်ရမယ်ဆိုရင် Country Music ပဲ ရွေးချယ်ကြမယ်လို့ ဖြေဆိုထားပါတယ်။ Country Music နဲ့ ကျော်ကြားကြတဲ့ အနုပညာရှင်တွေထဲမှာ Willie Nelson ၊ Don Williams ၊ Johnny Cash ၊ Taylor Swift ၊ Patsy Cline နဲ့ Grath Brooks တို့က ကမ္ဘာကျော် ပါတယ်။

Featured Photo : soundrelief