ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အာလင်း ဟာလန်း ဟာ သူရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ မျှော်လင့်ထားတာထက် ပိုကြမ်းပြနေပြီး ပရီးမီးယားလိဂ်မှာလည်း (၃၅)ဂိုး သွင်းယူရင်း စံချိန်တွေ ရိုက်ချိုးပြနေသလို အခုလည်း ဘောလုံးဆောင်းပါးဆရာတွေ ရွေးချယ်တဲ့ FWA Men’s Footballer of the Year ဆုကိုပါ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Haaland

Photo Credit : TEAMtalk

ဖခင်ကြီး အာလ်ဖီး ဟာလန်း ရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးကို ရွေးချယ် ပြောင်းရွှေ့ခဲ့ရင်း သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် မြှင့်တင်ခဲ့တဲ့ ဟာလန်းက သူရဲ့ ကလပ်အသင်း ရွေးချယ်မှု မှန်ကန်မှု ရှိခဲ့တယ်လို့ ပြောရပါမယ်။ ကမ္ဘာ့ ဘောလုံး နယ်ပယ်အတွင်း အကောင်းဆုံးသော နည်းပြတွေထဲ တစ်ဦး အပါအဝင် ဖြစ်တဲ့ နည်းပြ ပက်ပ် ဂွာဒီယိုလာ ၊ ကွင်းလယ်ကနေ ဂိုးဖန်တီးမှုတွေ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သူ ကီဗင် ဒဘရိုင်းနားတို့ ရှိရာ စီးတီးအသင်းကို ရွေးချယ်ခဲ့တဲ့ ဟာလန်းရဲ့ ရွေးချယ်မှုက အပြည့်အဝ မှန်ကန်တယ်လို့ပဲ ဆိုရမှာပါ။

Haaland City

Photo Credit : Planet Football

လက်ရှိမှာလည်း ဟာလန်းက ပရီးမီးယားလိဂ် ဂိုး (၃၅)ဂိုး သွင်းယူပြီး ဒီပြိုင်ပွဲအတွင်း ဘယ် ကစားသမားမှ မလုပ်ဆောင်နိုင်သေးတဲ့ စံချိန်တစ်ခုကို ဖော်ဆောင်ထားသလို စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုပါ ပိုင်ဆိုင်နိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။ အခုဆိုရင် ဘောလုံးရာသီ ကုန်ဆုံးဖို့က (၃၊၄)ပွဲသာ ကျန်ရှိနေတော့တဲ့အချိန် Football Writers’ Association ဘောလုံးဆောင်းပါးရှင်များအသင်းရဲ့ ၂၀၂၃ခုနှစ် အကောင်းဆုံး ဘောလုံးသမားဆုကိုပါ ဟာလန်း က ဆွတ်ခူးသွားခဲ့ရပါတယ်။

Haaland Celebration

Photo Credit : The Ringer

ဟာလန်း က လက်ရှိမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၃၂)ပွဲကစား (၃၅)ဂိုးသွင်း (၇)ဂိုးဖန်တီးပေးရင်းနဲ့ အခုလို FWA Men’s Footballer of the Year 2023 ဆုကို ဆွတ်ခူးခဲ့ရတာဖြစ်ပြီး အာဆင်နယ် ကစားသမားတွေဖြစ်တဲ့ ဘူကာယို ဆာခါ နဲ့ မာတင် အိုဒီဂတ်တို့က ဒုတိယနေရာ နဲ့ တတိယနေရာတို့တွင် အသီးသီး ရပ်တည်နိုင်ခဲ့ရပါတယ်။

Featured Photo : British GQ