ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက် ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ပွဲဦးထွက် ရာသီမှာပဲ ဂိုးတွေ တဒုန်းဒုန်း တဒိုင်းဒိုင်း သွင်းယူနိုင်တာမျိုးတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ ရှိခဲ့ရင်တောင်မှ ဒီရာသီ အာလင်း ဟာလန်း စွမ်းဆောင်ထားနိုင်သလိုမျိုး စွမ်းဆောင်နိုင်ဖို့ဆိုတာ မလွယ်နိုင်ပါဘူး။

haaland city

Photo Credit : DAZN

ဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်တို့မှာ သူ ဘာကောင်လဲဆိုတာ သက်သေပြထားခဲ့ဖူးတဲ့ နော်ဝေ ဂိုးမုဆိုး ဟာလန်းကို စီးတီးက ဒီနှစ်နွေမှာပဲ အသင်းဆီ အရောက် ခေါ်ဆောင်ခဲ့ပြီး အသင်းရဲ့ jigsaw တစ်ခုကို ဖြည့်တင်းနိုင်ခဲ့ပါတယ်။ ဆာဂျီယို အဂွဲရိုးကို လက်လွတ်လိုက်ရပြီး နောက်ပိုင်း အသင်းတိုက်စစ်အတွက် ဂိုးတွေ ဒိုင်ခံ သွင်းယူပေးနိုင်မယ့် သူ လိုအပ်နေတဲ့ စီးတီးရဲ့ ကွက်လပ်ကြီးတစ်ခုကို ဟာလန်း က ရှယ်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။

haaland yoga

Photo Credit : CNN

အသင်းကို စ ရောက်လာကတည်းက ဂိုးတွေ ဆက်တိုက် သွင်းယူပြီး စံချိန်တွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးပြနေခဲ့တဲ့ ဟာလန်း ဟာ အခုဆိုရင် ဒီနှစ် ဘောလုံးရာသီအတွင်း သူ သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်က ဂိုး(၅၀)အထိတောင် ရှိသွားခဲ့ရပါပြီ။ သူရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး အရေအတွက်ဟာ ဆိုရင်လည်း (၃၄)ဂိုးထိ ရှိသွားခဲ့ပါတယ်။ ဒီပမာဏဟာ အလန် ရှီးယားတို့ အင်ဒီ ကိုးတို့လို ပရီးမီးယားလိဂ်က ဆျာသမားကြီးတွေသာ တစ်ရာသီအတွင်းမှာ သွင်းယူနိုင်ခဲ့တဲ့ အမြင့်ဆုံး ဂိုးပမာဏပဲ ဖြစ်ပါတယ်။

haaland man city

Photo Credit : Sky Sports

(၂၂)နှစ်သား ဟာလန်း က စီးတီးအသင်းအတွက် ပရီးမီးယားလိဂ် (၆)ပွဲ ကစားပေးသွားဖို့ ကျန်နေသေးတဲ့အတွက် ရှီးယား နဲ့ ကိုးတို့ရဲ့ စံချိန်ကို ရအောင် ရိုက်ချိုးသွားနိုင်မှာပါ။ စံချိန်သစ် တင်နိုင်ဖို့ကလည်း သွင်းဂိုး (၁)ဂိုးသာ လိုအပ်နေတာဆိုတော့ ဒီဂိုး(၁)ဂိုးကို ဟာလန်းက မဖြစ်ဖြစ်အောင် သွင်းယူပြီး တခြားသော ကစားသမားတွေ သူ့စံချိန်အသစ်ကို အမီလိုက်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ လိဂ်ဂိုး (၄၀)လောက်အထိကိုပါ သွင်းယူနိုင်ဖွယ် ရှိနေပါတယ်။

Featured Photo : Sky Sports