ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု စလုပ်ချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး အေရိုးဗစ် လေ့ကျင့်ခန်း တစ်ခုပြောပြပေးပါမယ်။ ဒါကတော့ အချိန်နေရာမရွေး ပြုလုပ်နိုင်သလို ငွေကုန်ကြေးကျလည်းမရှိ ၊ လူလည်းမပင်ပန်းပဲ ထိရောက်တဲ့ လမ်းလျှောက်လေ့ကျင့်ခန်း ဖြစ်ပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ဖို့အကောင်းဆုံး လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နေ့စဉ်လမ်းလျှောက်ခြင်းကနေ ကွီးတို့ရနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဝိတ်ကျအောင် ကူညီပေးတယ်

လေ့ကျင့်ခန်း

Photo : Healthy Man

လမ်းလျှောက် လေ့ကျင့်ခန်း ဟာ ကယ်လိုရီများများ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေမယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မြန်နှုန်း အတော်အသင့်နဲ့ လမ်းလျှောက်မယ်ဆိုပါက ၁ နာရီ ကယ်လိုရီ ၂၀၀ ခန့် လောင်ကျွမ်းနိုင်ပြီး ၁ နာရီ ၆.၅ ကီလိုမီတာကနေ ၈ ကီလိုမီတာကြား အရှိန်တင်လျှောက်မယ်ဆိုရင် ကယ်လိုရီ ၃၇၀ ဝန်းကျင် လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

Photo : Cedars-Sinai

ငွေကုန်ကြေးကျမရှိပဲ နှလုံးကျန်းမာရေးကို ကောင်းမွန်စေချင်တယ်ဆိုရင်တော့ လမ်းလျှောက်လေ့ကျင့်ခန်းက အထိရောက်ဆုံးပါပဲ။ လေ့လာမှုများစွာအရ လမ်းလျှောက်ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာရောဂါပြဿနာ ဖြစ်ပွားနိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချပေးတယ်လို့ ဆိုပါတယ်။ American Heart Association/American College of Sports Medicine ကတော့ အရွယ်ရောက်ပြီးသား သူတွေအနေနဲ့ တစ်ရက်ကိုအနည်းဆုံး မိနစ် ၃၀ ၊ တစ်ပတ် ၅ ရက်ခန့် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်ပေးသင့်တယ်လို့ လမ်းညွှန်ထားပါတယ်။

(၃) သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်

လေ့ကျင့်ခန်း

Photo : UGA Today

လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ် သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို မှန်ကန်စေဖို့ ထိန်းညှိပေးပါတယ်။ ဂျပန်နိုင်ငံ ၊ Wakayama Medical College က သုတေသီတွေရဲ့ လေ့လာမှုအရ အပျော့စား သွေးတိုးရောဂါရှိသူတွေကို တစ်နေ့လျှင် ခြေလှမ်း ၁၀,၀၀၀ ခန့်လျှောက်စေပြီး ၁၂ ပတ်ကြာ စမ်းသပ်စစ်ဆေးခဲ့ရာမှာ သွေးပေါင်ချိန်သိသိသာသာကျဆင်းလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ခြေလှမ်းပေါင်း ၁၀,၀၀၀ ပြည့်အောင်မလျှောက်နိုင်ရင်တောင် အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ရုံနဲ့ သွေးပေါင်ချိန်ကို အထိုက်အလျာက် လျော့ချပေးနိုင်မှာဖြစ်ပါတယ်။

(၄) အရိုးအဆစ်တွေကို သန်မာစေတယ်

လေ့ကျင့်ခန်း

Photo : Your Health

နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းဟာ အရိုးအဆစ်တွေရဲ့ သန်မာမှုကိုတိုးစေပြီး လှုပ်ရှားရပိုမို လွယ်ကူစေဖို့ အထောက်အကူ ပြုပါတယ်။ လေ့လာမှုတွေအရတော့ လမ်းလျှောက်လေ့ကျင့်ခန်းဟာ အရိုးအဆစ်နဲ့ ကြွက်သားတွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးလာစေပြီး ဒူးနာခြင်းကို သက်သာစေတယ်လို့ ဆိုထားပါတယ်။

(၅) အဆုတ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်

Photo : HealthCentral

လမ်းလျှောက်ခြင်းက အဆုတ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ လမ်းလျှောက်တာဟာ ထိုင်နေတာနဲ့ ယှဉ်ရင် အောက်ဆီဂျင် ပိုရှူရစေပါတယ်။ အောက်ဆီဂျင်များများ ပိုရှုသွင်းရလေ အဆုတ်စွမ်းဆောင်ရည်လည်း တိုးမြင့်လာလေဖြစ်ပြီး သက်လုံစွမ်းအားနဲ့ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်စွမ်းကို တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

(၆) စိတ်ဖိစီးမှု လျှော့ချပေးတယ်

လေ့ကျင့်ခန်း
Photo : Al Bawaba

လမ်းလျှောက် လေ့ကျင့်ခန်းဟာ သွေးလှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး ဆဲလ်တွေဆီကိုအောက်ဆီဂျင်ပိုမို ထောက်ပံ့ပေးတဲ့အတွက် စိတ်ဖိစီးမှုအဆင့်ကို လျှော့ချပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာရုံကြောစနစ် Receptors တွေကို လှုံ့ဆော်ပေးပြီး စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်း ထုတ်လုပ်မှုကို ထိန်းချုပ်ကန့်သတ်ပေးပါတယ်။ နေ့စဉ်ပုံမှန် နာရီဝက် ၊ ၄၅ မိနစ်ခန့် လမ်းလျှောက်ပေးတာနဲ့ စိတ်ခံစားမှုပိုကောင်းစေပြီး မှတ်ဉာဏ်စွမ်းရည်နဲ့ စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေပါ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

လမ်းလျှောက် လေ့ကျင့်ခန်းဟာ  ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အတွက် ရောဂါပိုးမွှားကူးစက်ခြင်းမှလည်း ခုခံကာကွယ်နိုင်စွမ်းရှိသလို နှလုံး ၊ အဆုတ် ၊ ဦးနှောက်အပြင် ကင်ဆာရောဂါပြဿနာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ပိုက်ဆံ မကုန် လူမပန်းပဲ အကျိုးများတဲ့ လေ့ကျင့်ခန်း ကိုရှာနေတယ်ဆိုရင်တော့ လမ်းလျှောက်လေ့ကျင့်ခန်းက အကောင်းဆုံးပဲလို့ ညွှန်းပေးချင်ပါတယ်။

Featured Photo : Men’s Health