မနေ့ညက ပီအက်စ်ဂျီအသင်းနဲ့ နန့်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ကီလီယန် အမ် ဘာပေ က ပီအက်စ်ဂျီအတွက် စတုတ္ထမြောက် သွင်းဂိုးကို သွင်းယူခဲ့ရင်းနဲ့ ဘာပေဟာ ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Kylian

Photo Credit : Twitter

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေ ဟာ ဒီနှစ်ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် လီဂူး သွင်းဂိုးပေါင်း (၁၈)ဂိုးအထိ သွင်းယူထားပြီး ပြိုင်ပွဲစုံမှာလည်း စုစုပေါင်း သွင်းဂိုး (၃၀)အထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဘာပေဟာ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၃၀)မှာ သွင်းဂိုး စုစုပေါင်း (၃၀)အထိ သွင်းယူထားနိုင်ခဲ့သလို စုစုပေါင်း ဂိုးဖန်တီးမှု (၇)ကြိမ်အထိတောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Mbappé

Photo Credit : Twitter

အခုနှစ် ဘောလုံးရာသီ မစတင်ခင်မှာပဲ ပီအက်စ်ဂျီ အသင်းနဲ့ ၂၀၂၄ခုနှစ် ဇွန်လအထိ (တစ်နှစ်ထပ်တိုးခွင့် အပါအဝင်) စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ဘာပေ ဟာ လက်ရှိမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပြီး မာဆေးလ်အသင်းနဲ့ လီဂူးပွဲစဉ်မှာ သွင်းဂိုး (၂)ဂိုး သွင်းယူခဲ့တာကြောင့် သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ သွင်းဂိုး (၂၀၀) ပြည့်မြောက်ခဲ့ကာ ပီအက်စ်ဂျီအတွက် သွင်းဂိုး အများဆုံး ကစားသမားဖြစ်ထားခဲ့သူ ကာဗာနီရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီသွားခဲ့ရပါတယ်။

Kylian Mbappé scores

Photo Credit : Twitter

ဒါ့အပြင် ဘာပေဟာ နန့်စ်အသင်းနဲ့ လီဂူးပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကာဗာနီရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ အသက်(၂၄)နှစ်သာ ရှိနေသေးတဲ့ ဘာပေ က ပီအက်စ်ဂျီအတွက် (၆)ရာသီခွဲအကြာ ကစာထားပြီးချိန်မှာ ပီအက်စ်ဂျီ အသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရအထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပုံစံအတိုင်းသာဆိုရင်တော့ ဘာပေဟာ ကစားသမားဘဝအတွင်း အကောင်းဆုံးသော ဘောလုံးရာသီဖြစ်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက တစ်ရာသီလုံး သွင်းယူခဲ့သော စုစုပေါင်း သွင်းဂိုး (၄၂)ဂိုးကိုထက် ပိုမို သွင်းယူနိုင်ဖွယ်ပါ ရှိနေပါတယ်။

Featured Photo : Goal’s Twitter