ချဲလ်ဆီး အသင်းရဲ့ ကစားသမားတချို့က အသင်းနည်းပြ ဂရေဟမ် ပေါ်တာ နဲ့ ပတ်သတ်ပြီး မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းထွက်လာခဲ့ရပေမဲ့ အသင်း ဘုတ်အဖွဲ့ဝင်တွေကတော့ ယခင်နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ထက် ပေါ်တာရဲ့ အခန်းကဏ္ဍာနဲ့ ပိုမို သင့်လျော်ကြောင်း အခိုင်အမာ ယုံကြည်နေပါတယ်။
Photo Credit : Football Orbit
အသက်(၄၇)နှစ်အရွယ် ဘရိုက်တန် နည်းပြဟောင်း ပေါ်တာ က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ ချဲလ်ဆီးနည်းပြ ရာထူးကို လက်ခံရယူခဲ့တာဖြစ်ပြီး သူ့ကို အသင်းပိုင်ရှင်ဘက်ကနေ ဆောင်းရာသီ ဈေးကွက်အတွင်း ပေါင်သန်း(၃၀၀)ကျော်လောက် သုံးစွဲကာ ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့ပေမဲ့ ပေါ်တာက ရလဒ်ပိုင်းတွေ ကောင်းမွန်လာအောင် လုပ်ဆောင်ပေးဖို့ ရုန်းကန်နေရပါတယ်။
Photo Credit : FC Barcelona Noticias
ဒါ့အပြင် အမှတ်ပေးဇယား အောက်ခြေကို ရောက်ရှိနေတဲ့ ဆောက်သမ်တန်အသင်းကိုပါ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အရှုံးပေးခဲ့ရပြီးနောက် အဆင့်(၁၀)နေရာကို ရောက်ရှိနေရပြီး top (4) နေရာနဲ့ပါ စုစုပေါင်း (၁၁)မှတ်အထိ ကွာဟသွားခဲ့ရပါတယ်။ Caught Offside ရဲ့ ဖော်ပြချက်အရတော့ အူဘာမီယန်း အပါအဝင် ကစားသမားတချို့ဟာ နည်းပြပေါ်တာနဲ့ ပတ်သတ်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေရပေမဲ့လည်း ချဲလ်ဆီးရဲ့ ပိုင်ရှင်တွေ အကြီးတန်း အရာရှိတွေကတော့ ပေါ်တာအပေါ်မှာ ယုံကြည်လျက် ရှိနေပြီး ချဲလ်ဆီး အတွက် အသင့်တော်ဆုံးသော နည်းပြလို့ပါ ယူဆထားတယ်လို့ သိရပါတယ်။
Photo Credit : Sussex Express
နာမည်ကျော် ဘင်ဂျာကော့စ်ရဲ့ ပြောဆိုချက်အရ ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင်တွေက အာဆင်နယ်အသင်းဘက်က သူတို့နည်းပြ အာတီတာအပေါ် အချိန်ပေးခဲ့တဲ့ ပုံစံမျိုးအတိုင်း ဆက်လက် အချိန်ပေးဖို့ ဆန္ဒရှိနေပြီး ပေါ်တာ အနေနဲ့လည်း အာတီတာလို ဖိအားတွေကနေ အကောင်းဆုံး လုပ်ဆောင်လာနိုင်လိမ့်မယ် ပြေလည်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ ပေါ်တာကို အသင်းကနေ ထုတ်ပယ်လိုက်မယ်ဆိုရင်လည်း အရင်က ပိုင်ရှင်ဟောင်းကြီး ရိုမန်လက်ထက် လုပ်ဆောင်ခဲ့သလို ပုံစံမျိုးအတိုင်း ထပ်ဖြစ်လာမှာထက် ရေရှည် စီမံကိန်းအတိုင်းသာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာဖြစ်လို့ အနည်းဆုံး ရာသီကုန်လောက်အထိ ပေါ်တာကိုပဲ နေရာ ဆက်ပေးသွားဖွယ် ရှိနေပါတယ်။
Featured Photo : Football365