ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ တော့ဒ်ဘိုလေက ဒီနှစ်ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာရော ဆောင်းဈေးကွက်အတွင်းမှာ အသင်းအတွက် ထိပ်တန်း ကစားသမားတွေကို အသုံးစရိတ်များစွာ အသုံးပြုပြီး ခေါ်ယူအားဖြည့်ပေးခဲ့ပေမဲ့ အထူးသဖြင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ထဲ အန်ဇိုဖာနန်ဒက်ဇ် ဂျာအိုဖီးလစ် မူဒရစ်ခ်တို့လို တကယ့် အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူပေးခဲ့ပေမဲ့ နည်းပြ ဂရေဟမ် ပေါ်တာ ရဲ့ ချဲလ်ဆီး အသင်းကတော့ လက်ရှိအချိန်ထိ မိုးထဲ ရေထဲ ရုန်းကန်နေရဆဲသာ…

cfc

Photo Credit : Sky Sports

ပေါ်တာ ရဲ့ ချဲလ်ဆီး အသင်းဟာ ၂၀၂၃ခုနှစ် နှစ်အစပိုင်းကနေ စတင်ပြီး လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ပွဲပေါင်း(၁၀)ပွဲအထိ ကစားထားပြီးချိန်မှာ လန်ဒန်မြို့ခံအသင်း ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းတွင် ဧည့်ခံကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲသာ နိုင်ပွဲ ရရှိခဲ့ပြီး ကျန်တဲ့ ပွဲတွေမှာတော့ ရလဒ်တွေ ဆိုးရွှားခဲ့ရပါတယ်။

chelsea

Photo Credit : Cyprus Mail

ဒီကာလအတွင်းမှာ ချဲလ်ဆီး က ပရီးမီးယားလိဂ် (၈)ပွဲ အက်အေဖလား (၁)ပွဲ ချန်ပီယံလိဂ် (၁)ပွဲ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်မှာ မန်စီးတီး ဖူလ်ဟမ်တို့ကို ရှုံးနိမ့်ခဲ့သလို မနေ့ညကပဲ ဇယားအောက်က ဆောက်သမ်တန်ကို အိမ်ကွင်းမှာပင် ရှုံးနိမ့်ခဲ့ပါသေးတယ်။ အက်အေဖလားဘက်မှာလည်း မန်စီးတီးနဲ့ ထပ်မံ ဆုံတွေ့ခဲ့ရပြီး (၄)ဂိုးပြတ်နဲ့ပါ မရှုမလှ ရှုံးခဲ့ကာ ပြိုင်ပွဲကနေ ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲ နှစ်ခုလုံးကနေ ထွက်ခွာခဲ့ရပြန်ပါတယ်။ ပြီးခဲ့တဲ့ ကြားရက်ကမှ ပြန်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ဘက်မှာလည်း ပေါ်တာ ရဲ့ ချဲလ်ဆီးက ဒေါ့မွန်ကို အဝေးကွင်းမှာ ရှုံးထားခဲ့ပြန်ပါတယ်။

graham potter chelsea

Photo Credit : Sports Illustrated

ဒီလို အခြေအနေဆိုးထဲ ရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ ဂရေဟမ် ပေါ်တာ လို နည်းပြမျိုးနဲ့ ရှေ့ဆက်သွားဖို့က တကယ်ကို မလွယ်ကူနိုင်တော့တဲ့ အနေအထား ဆိုပေမဲ့လည်း ဒီလို အချိန်မျိုးမှာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်တာက စွန့်စားရကျနိုင်ပါတယ်။ ဒါပေမဲ့လည်း ချဲလ်ဆီး ပရိသတ်တွေ အားလုံးနီးပါးကတော့ ပေါ်တာကို အသင်းကနေ ထုတ်ပယ်နေစေချင်ပြီး နည်းပြဟောင်း တူဟယ်လ်ကိုပါ အသင်းဆီ ပြန်လာစေချင်နေပါတယ်။ အသင်းပိုင်ရှင်တွေဘက်ကနေ ပေါ်တာအတွက် အပြည့်အဝ support ပေးထားတယ် ဆိုပေမဲ့လည်း စပါးနဲ့ ရင်ဆိုင်ရမဲ့ လန်ဒန်ဒါဘီပွဲ ဒေါ့မွန်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြန်လည် ရင်ဆိုင်ရမဲ့ ချန်ပီယံလိဂ်ပွဲတွေမှာသာ ရလဒ်ဆိုးခဲ့ရင်တော့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်လာနိုင်ပါတယ်။

Featured Photo : Football365