ပြင်သစ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရောဘတ် ပီရက်စ် က လက်ရှိ ပြင်သစ် အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကီလီယန် အမ်ဘာပေထက် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အန်ထရန် ဂရီးဇ်မန်းကသာ ရရှိသင့်တယ်လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

mbappe

Photo Credit : Reuters

ပြင်သစ်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ဝါရင့် ဂိုးသမားကြီး ဟူဂိုလိုရစ်ဟာ လက်ရှိမှာ ဒူးဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ၂၀၂၂ကာတာကမ္ဘာ့ဖလားအပြီး ပထမဆုံးအကြိမ် ပြန်လည် ကစားရမယ့် နိုင်ငံတကာပွဲစဥ်တွေအတွက် အသင်းခေါင်းဆောင်အဖြစ် အသက် (၂၄)နှစ်အရွယ် ပီအက်စ်ဂျီ တိုက်စစ်ကစားသမား ဘာပေကို နည်းပြဒေ့ရှောင့်က တာဝန်ပေးသွားခဲ့ပါတယ်။

pires griezmann

Photo Credit : Tribuna

ပြင်သစ်အသင်းမှာက ဘာပေထက် အသက်အရွယ်အရရော အတွေ့အကြုံအရပါ သာလွန်တဲ့ ကစားသမားတွေ များစွာ ရှိနေပေမယ့် ပြင်သစ်နည်းပြ ဒေ့ရှောင့်ကတော့ ဘာပေကိုပဲ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ​ပီရက်စ်ကတော့ “ကျွန်တော် ဂရီးဇ်မန်းကို ပြင်သစ် အသင်းခေါင်းဆောင် ဖြစ်လာဖို့ မျှော်လင့်ခဲ့ပါတယ်။ အခုက အန်ထရန်အပေါ် လေးစားမှု ကင်းမဲ့ခြင်းပါပဲ။ ဒါပေမယ့်လည်း ဒီလို ပြောဆိုတာက ကီလီယန်ကို ဆန့်ကျင့်နေခြင်း မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

Kylian Mbappe Antoine Griezmann

Photo Credit : Daily Mail

၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဒုတိယဆုရရှိခဲ့တဲ့ ပြင်သစ် အသင်းဟာ ယူရို-၂၀၂၄ပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေအဖြစ် နယ်သာလန် အိုင်ယာလန်အသင်းတို့နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီပွဲတွေမှာ ဘာပေက အသင်းခေါင်းဆောင် ဂရီးဇ်မန်းက လက်ထောက် အသင်းခေါင်းဆောင်တွေအဖြစ် တာဝန်ယူသွားကြမှာပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail