ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ မနေ့ညက အက်ဘာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ဒီ အမှတ်ပေးလိဂ်ပွဲစဉ်အတွင်း အယ်လ်နာဆာအတွက် ချေပဂိုးကို ဖရီးကစ်ကနေ လှလှပပ သွင်းယူခဲ့ပြီး (၃)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေမှုကိုပါ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ronaldo

Photo Credit : Cristiano Ronaldo’s Twitter

ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ပူးပေါင်းပြီးနောက်ပိုင်း အသင်းအတွက် ဟက်ထရစ် (၂)ကြိမ် အပါအဝင် သွင်းဂိုး (၈)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုဟာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ (၃)ပွဲအတွင်း ဂိုးပေါက် ပျောက်ဆုံးနေခဲ့ရပြီး အခု အက်ဘာနဲ့ ပွဲစဉ်မှသာ အလန်းစား ဖရီးကစ် ဂိုးနဲ့ သူရဲ့ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Cristiano

Photo Credit : Cristiano Ronaldo’s Twitter

အယ်လ်နာဆာအသင်းနဲ့ အက်ဘာအသင်းတို့ မနေ့ညက ဆော်ဒီ အမှတ်ပေးလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ အက်ဘာက တိုက်စစ်မှူး အဒမ်ရဲ့ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း (၇၈)မိနစ်မှာ အယ်လ်နာဆာအသင်းက တည်ကန်ဘောကန်ခွင့် ရရှိခဲ့ရာ ဒီတည်ကန်ဘောကို အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက လှလှပပ ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး (၈၆)မိနစ်မှာတော့ အယ်လ်နာဆာဘက်က ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး ဒီပင်နယ်တီကို အယ်လ်နာဆာ တိုက်စစ်ကစားသမား တလီစကာက အမှားအယွင်းမရှိ သွင်းယူခဲ့ရင်း comeback နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Cristiano Ronaldo

Photo Credit : Bleacher Report’s Twitter

ဒီပွဲမှာ GOAT ကြီး ရော်နယ်လ်ဒိုက သူရဲ့ (၃)ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို အဆုံးသတ်ခဲ့ရင်း အယ်လ်နာဆာအတွက်ကိုလည်း လိဂ်ဂိုး (၉)ဂိုးမြောက်ကိုပါ သွင်းယူနိုင်ခဲ့သလို ပွဲပြီးခါနီးမှာ ရရှိလာတဲ့ ပင်နယ်တီကိုလည်း သူကိုယ်တိုင် ကန်သွင်းခြင်းမရှိပဲ အသင်းဖော် တာလီစကာကိုသာ ကန်ခွင့်ပြုခဲ့ရာ တာလီစကာက အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒို ရဲ့ အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အယ်လ်အီတီဟတ်အသင်းနဲ့ (၁)မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။

Featured Photo : Twitter