GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒို ဆိုတာ စံချိန်ကောင်းတွေကို ဆက်တိုက် ရယူနိုင်သူ ၊ သူ ပါဝင်ကစားတဲ့ ကလပ်အသင်းတွေနဲ့လည်း ဆုဖလားတွေ ရယူနိုင်သူ စူပါစတား ဘောလုံးသမားကြီး တစ်ဦးပါ။ ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ရော်နယ်လ်ဒိုက ဆုဖလားတွေနဲ့ ဝေးရာကို တဖြည်းဖြည်းနဲ့ ရောက်ရှိသွားခဲ့သလို အခုလည်း ဆော်ဒီမြေမှာပါ ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းသွားရတော့မှာ ဖြစ်ပါတယ်။

cristiano

Photo Credit : Atalayar

ရော်နယ်လ်ဒိုဟာ မန်ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ပြီးနောက် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းမှာပဲ ဆော်ဒီ ထိပ်တန်းကလပ် အယ်လ်နာဆာအသင်းဆီ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀)လောက်အထိ ရရှိပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ ဝင်ငွေ အမြင့်မားဆုံး ကစားသမား ဖြစ်လာခဲ့ရသူ ရော်နယ်လ်ဒို ဟာ လက်ရှိမှာ အယ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး စုစုပေါင်း (၁၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဟက်ထရစ် (၂)ကြိမ်ထိပါ သွင်းယူနိုင်ခဲ့ပါတယ်။

cr7

Photo Credit : Arabian Business

ဒီလို စွမ်းဆောင်ရည်တွေ အကောင်းဆုံး ပြသထားနိုင်ခဲ့ပေမယ့် ရော်နယ်လ်ဒို ရဲ့ အယ်လ်နာဆာအသင်းကတော့ ဆော်ဒီစူပါဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကနေ ထွက်ခွာထားခဲ့သလို မနေ့ညက ကစားသွားခဲ့တဲ့ King Cup ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း Al-Wehda အသင်းကို ရှုံးနိမ့်ရင်း နောက်ထပ် ဖလားတစ်လုံးကို ထပ်မံ လက်လွတ်သွားခဲ့ရပြန်ပါတယ်။

al nassr

Photo Credit : Twitter

ဒီလို ဒေသတွင်း ရှုံးထွက်ပြိုင်ပွဲ (၂)ခုကနေ ထွက်ခွာထားခဲ့ရတဲ့ အယ်လ်နာဆာအသင်းဟာ ဆော်ဒီလိဂ်မှာလည်း အဆင့်(၁)က Al-Ittihad အသင်းနဲ့ (၃)မှတ် ကွာဟနေရပြီး (၁)ပွဲလည်း ပိုကစားထားတဲ့အတွက် (၆)မှတ်အထိပါ ကွာဟသွားနိုင်တဲ့ အနေအထားမှာပါ ရှိနေရပါတယ်။ ဒီရာသီ ဆော်ဒီ အမှတ်ပေးလိဂ် ရာသီသိမ်းဖို့ကလည်း လက်ကျန်ပွဲပေါင်း (၆)ပွဲလောက်သာ ကျန်ရှိနေချိန်အတွင်း အယ်လ်နာဆာအနေနဲ့ ပထမနေရာကို ပြန်လည် သိမ်းပိုက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ရော်နယ်လ်ဒို အနေနဲ့ကလည်း မနှစ်က ဘောလုံးရာသီကနေ စတင်ပြီး ယူနိုက်တက်နဲ့အတူ ဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရသလို ဒီရာသီမှာပါ နောက်ထပ် ဖလားလက်မဲ့ ဖြစ်လာနိုင်ဖွယ် ရှိနေကြောင်း…

Featured Photo : Twitter