ဒီနှစ် ဘောလုံးရာသီဟာ ဒေါ့မွန်အသင်းအတွက်တော့ ဂျာမန် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ဖို့အတွက် အကောင်းဆုံးသော ရာသီတစ်ခုပါ။ ဒါက သူတို့အသင်း အရမ်းကောင်းနေတာကြောင့် မဟုတ်ပဲ ပြိုင်ဘက် ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်ရဲ့ မတည်ငြိမ်မှုတွေကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒေါ့မွန်ဟာ ဒေါ့မွန်ပါပဲ။ ရထားတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးမချနိုင်ပဲ ဂျာမန် ဘီလူးကြီးကို ထပ်မံ ဒူးထောက်လိုက်ရပြန်ပါတယ်။

2022/23 Bundesliga title race

Photo Credit : Bundesliga

တကယ်တော့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲမတိုင်ခင်မှာ ဒေါ့မွန်က ဘိုင်ယန်ထက် (၂)မှတ်သာနေတယ်။ ဘိုင်ယန်ကတော့ ဂိုးကွာခြားချက်မှာ ဒေါ့မွန်ထက် သာလွန်ပါတယ်။ ဒါကြောင့် ဒေါ့မွန်က သရေကျလို့တောင် မဖြစ်ပဲနဲ့ နိုင်ပွဲရဖို့ လိုအပ်နေပါတယ်။ နောက်ဆုံးပွဲမှာ ဒေါ့မွန်က သူတို့ အိမ်ကွင်းထဲ မိန့်ဇ်ကို ရင်ဆိုင်ရတာဖြစ်ပြီး ဘိုင်ယန်ကတော့ ကိုလုံးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ့မွန်သာ မိန့်ဇ်ကို အနိုင်ရလိုက်မယ်ဆိုရင် ဘိုင်ယန်က ကိုလုံးကို ဘယ်နှစ်ဂိုးနဲ့ပဲ နိုင်နိုင် ဒေါ့မွန်ကပဲ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်သွားမှာပါ။

dortmund

Photo Credit : DW

ဒါပေမယ့် ဒေါ့မွန်က သူတို့မှာ အပြည့်အဝ ရှိနေတဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်း ပွဲချိန်အစောပိုင်းအတွင်းမှာပင် မိန့်ဇ်ကို (၂)ဂိုး ခွင့်ပြုထားရသလို ပင်နယ်တီ ကန်သွင်းခွင့် ရရှိချိန်မှာလည်း ဟယ်လာက ပင်နယ်တီကို ဂိုးအဖြစ် မပြောင်းနိုင်တာက အခြေအနေ ပိုဆိုးသွားခဲ့ရပါတယ်။ အဲ့ဒီချိန် တစ်ဖက်မှာ ဘိုင်ယန်က ကိုလုံးကို စောစောစီးစီး ဦးဆောင်ထားပါပြီ။ ဒုတိယပိုင်းမှ ဒေါ့မွန်တို့ ချေပဂိုး တစ်ဂိုး ပြန်ရပါတယ်။ မရှေးမနှောင်းမှာပဲ ကိုလုံးက ပင်နယ်တီရပြီး ဘိုင်ယန်နဲ့ သရေကျနေလို့ ဒေါ့မွန်က ဇယားထိပ် ပြန်ရောက်သွားပြန်ပါတယ်။

haller

Photo Credit : The Independent

ဒီလို အခြေအနေ ဖြစ်လာပေမယ့် ဘိုင်ယန်က သူတို့အလုပ် သူတို့ အကောင်းဆုံး လုပ်သွားခဲ့တယ်။ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရအောင် ထပ်သွင်းပြီး ပွဲပြီးသွားတယ်။ အဲ့ဒီအချိန်ထိ ဒေါ့မွန်က (1-2) ဖြစ်နေတုန်း။ ပွဲပြီးခါနီးမှ ဒုတိယ ချေပဂိုး ထပ်သွင်းပြီး ဘိုင်ယန်နဲ့ အမှတ်တူ အနေအထား ဖြစ်သွားတယ်။ ဒါပေမယ့် ချေပဂိုးကိုတောင် အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ဒေါ့မွန်ဟာ အနိုင်ဂိုး ဆက်သွင်းဖို့ အချိန်မလောက်တော့ပဲ အမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ပဲ ဘိုင်ယန်က (၁၁)ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။

Featured Photo : CNN