ရီးယဲလ် မက်ဒရစ် အသင်းဟာ လာမယ့် နွေဈေးကွက်အတွင်းမှာပဲ အသင်း တိုက်စစ်ပိုင်းအတွက် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာနိုင်ပြီး အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန် ဘန်ဇီမာ အသင်းနဲ့ လမ်းခွဲသွားနိုင်သလို သူ့နေရာကိုလည်း လီဗာပူးလ် ကစားသမားဟောင်း ရောဘတ်တို ဖာမီနို ဝင်ရောက်လာဖွယ် ရှိနေပါတယ်။

benzema saudi

Photo Credit : Sport Brief

အသက် (၃၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးကြီး ဘန်ဇီမာဟာ ၂၀၀၉ခုနှစ်ကတည်းက လိုင်ယွန်ကနေ ရီးယဲလ်အသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းမှာ ဆယ်စုနှစ်ကျော်ကြာ ဖြတ်သန်းထားခဲ့သူ ဖြစ်သလို အသင်းနဲ့ပါ ဆုဖလား အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဘန်ဇီမာဟာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးချိန် ဆော်ဒီလိဂ်ကနေ မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းလာခဲ့တာကြောင့် ဘန်ဇီမာကိုယ်တိုင် သူ့အနာဂတ်ကို ပြန်လည် စဉ်းစားလာပြီး ရီးယဲလ်ကို စွန့်ခွာဖို့ စဉ်းစားလာခဲ့ပါတယ်။

firmino real

Photo Credit : Clutch Points

ဒီလို အခြေအနေမှာ ရီးယဲလ်ဘက်က ဘန်ဇီမာနေရာအတွက် အစားထိုးဖို့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်မယ့် ဖာမီနိုကို မျက်စိကျလာခဲ့ပါတယ်။ ဖာမီနိုဟာ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်အသင်းမှာ စတင် ကျင်လည်လာခဲ့တာဖြစ်ပြီး ဒီရာသီမှသာ အသင်းနဲ့ သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်လို့ ကလပ်အသင်းသစ် တစ်သင်းကို ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဖာမီနိုကို အသင်းများစွာက စိတ်ဝင်စားမှုတွေ အတော်လေး ရှိလာခဲ့ပြီး ဒီအသင်းတွေထဲမှာလည်း ရီးယဲလ်လို အသင်းမျိုးပါ ပါဝင်လာခဲ့ပါတယ်။

benzema

Photo Credit : BeSoccer

ရီးယဲလ်အနေနဲ့ ဘန်ဇီမာ ကို တစ်နှစ်လောက် ဆက်ထိန်းထားပြီးမှ ၂၀၂၄ခုနှစ်မှာ ဟာလန်း (သို့) ဘာပေ တစ်ဦးဦးကို ခေါ်ယူဖို့ ပြင်ဆင်ထားရာ တကယ်လို့ ဘန်ဇီမာကို လက်လွတ်လိုက်ရမယ် ဆိုရင်တော့ သူ့နေရာမှာ ဖာမီနို နဲ့ ယာယီ အစားထိုးဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ နောက်ထပ် တိုက်စစ် ကစားသမား မာရီယာနို ဒီယက်ဇ်ကိုလည်း အသင်းကနေ ရှင်းထုတ်ဖို့ ရှိနေရာ အကယ်ဒမီထွက် ကစားသမားဟောင်း ဟိုဆေးလူကိုပါ free transfer နဲ့ ပြန်လည် ခေါ်ယူဖို့လည်း ရှိနိုင်ပါတယ်။