ဘိုင်ယန်မြူးနစ်အသင်းဆိုတာ ဥရောပ ပြိုင်ပွဲတွေမှာသာ မအောင်မြင်ရင်နေမယ် သူတို့ရဲ့ ပြည်တွင်းမှာတော့ အမြဲတမ်း အလွှမ်းမိုးနိုင်ဆုံး အသင်းတစ်သင်း ဖြစ်နေတယ်ဆိုတာကို နှစ်စဉ်နှစ်တိုင်း သူတို့ရယူနိုင်တဲ့ ဆုဖလားတွေက သက်သေပါပဲ။ ဒါကြောင့်လည်း စပါးအသင်းနဲ့ ဘာဖလားမှ မရယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းက ဖလားတွေ ကိုင်မြှောက်နိုင်ဖို့အတွက် ဘိုင်ယန်အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

harry kane

Photo Credit: FC Bayern

ဟယ်ရီကိန်းဘက်ကလည်း ဆုဖလားတွေအတွက် အာမခံချက်ရှိတဲ့ ဘိုင်ယန်ကို ရွေးချယ်ခဲ့တာ ဖြစ်သလို ဘိုင်ယန်ကလည်း ရောဘတ် လီဝန်ဒေါစကီးနေရာမှာ အပြည့်အဝ အစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦးကို ရလိုက်တာက သူတို့အသင်းအတွက် အကျိုးရှိသွားခဲ့ပါတယ်။ ဒါပေမယ့် ကိန်းဆီမှာ ဆုဖလားတွေနဲ့ ကံမစပ်တဲ့ ကျိန်စာဆိုးများ ရှိနေသလားလို့တောင် တွေးမိချင်စရာပါပဲ။ ကိန်းရဲ့ ဘိုင်ယန် ကစားသမားဘဝ ပထမဆုံးသော ဖလားပြိုင်ပွဲဖြစ်တဲ့ ဂျာမန်စူပါဖလားမှာပဲ လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးရင်း ဆုဖလားတစ်လုံးကို စတင် လက်လွတ်ခဲ့ရပါတယ်။

bayen

Photo Credit: Reuters

ဘွန်ဒက်စ်လီဂါမှာကျတော့လည်း ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက ဒီရာသီထဲ ဘွန်ဒက်စ်လီဂါမှာသာမကပဲ ပြိုင်ပွဲစုံအထိပါ ရှုံးပွဲမရှိအောင် ကစားထားနိုင်ရင်း အမှတ်ပါ ပြတ်ကျန်နေခဲ့ရပါတယ်။ ပိုကယ်ဖလားဘက်မှာတော့ ဒုတိယအဆင့်လေးနဲ့တင် ပြုတ်သွားခဲ့ရပါသေးတယ်။ နောက်ဆုံး မျှော်လင့်ချင်စရာ ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း ဆီမီးထိတော့ တက်လှမ်းနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ရဲ့ အရှင်သခင်ကြီး ရီးယဲလ် မက်ဒရစ်ကို မကျော်ဖြတ်နိုင်ခဲ့လို့ ဆီမီးနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။

kane

Photo Credit: The Independent

တကယ်တော့ ကိန်းက သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် အပြောင်မြောက်ဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး (၄၅)ပွဲကစား (၄၄)ဂိုးသွင်းကာ (၁၂)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဟယ်ရီကိန်းရဲ့ ကစားသမားဘဝအတွင်း အမြင့်မားဆုံးသော စွမ်းဆောင်မှုလည်း ဖြစ်ခဲ့ပေမယ့် ဒီစွမ်းဆောင်မှုက ဘိုင်ယန်နဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ လုံလောက်မှု မရှိခဲ့ပဲ ဘိုင်ယန်ဟာလည်း ၂၀၁၂ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားလက်မဲ့ ဘောလုံးရာသီတစ်ခုနဲ့ ကြုံတွေ့လိုက်ရပါတော့တယ်။

Featured Photo: DAZN