အနုပညာလောကမှာ ဝင်ငွေကြမ်းသူတွေဟာ ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရကြပါတယ်။ သရုပ်ဆောင်ကြေးမြင့်တဲ့ ရုပ်ရှင်လောကတွေအကြောင်း ပြောတဲ့အခါ အိန္ဒိယနိုင်ငံက ဘောလီဝုဒ်ရုပ်ရှင်လောကကိုလည်း ချန်ထားလို့ မဖြစ်ပါဘူး။ သရုပ်ဆောင်မှု အတတ်ပညာ ၊ ပရိသတ်အသည်းစွဲမှု ၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး အရင်ကားတွေမှာတုန်းက ရခဲ့တဲ့ အောင်မြင်မှုတွေ နဲ့ အနုပညာအဆင့်အတန်းပေါ် လိုက်ပြီး သရုပ်ဆောင်ကြေးကတော့ ကွဲပြားမှု ရှိပါတယ်။ တစ်ခါတလေမှာ ပရိသတ်အကြိုက် မင်းသားဖြစ်ပြီး နာမည်ကျော်ကြားပေမယ့်လည်း ရုပ်ရှင်သရုပ်ဆောင်ကြေးအရ ထိပ်ဆုံး ရောက်မနေတာမျိုးလည်း ရှိတာပါပဲ။ အခု ပြောပြသွားမယ့် ဘောလီဝုဒ် ရဲ့ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသား စာရင်းမှာ ကျွန်တော်တို့ တွေးထင်ထားတဲ့ သရုပ်ဆောင်တွေ ပါသလား ကြည့်လိုက်ရအောင်ပါ။

(၅) Hrithik Roshan

Hrithik Roshan

Photo : nestia

Hrithik Roshan ဆိုတာ ဘောလီဝုဒ် တင်မဟုတ်ဘဲ ကမ္ဘာ့အဆင့် ရုပ်အချောဆုံး မင်းသား တွေထဲက တစ်ဦးပါ။ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်သလို အကလည်း ထူးချွန်တဲ့သူ အဖြစ် ထင်ရှားပါတယ်။ သူ့ရဲ့ Kaho Na Pyaar Hai ရုပ်ရှင်ဆိုရင် Box Office မှာ အကြီး အကျယ် အောင်မြင်ခဲ့တဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကနေ စပြီး ရုပ်ရှင်ပေါင်းများစွာမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သူဟာ ချမ်းသာတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ကြီးပြင်းလာခဲ့တာ ဖြစ်သလို နာမည်ကျော် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ HRX Brand ကိုလည်း ထောင်ထားပါတယ်။ ရုပ်ရှင်ကားတစ်ကားချင်းအရ သူ့ရဲ့ သရုပ်ဆောင်ကြေး ဟာ ဇာတ်ကားတစ်ကားကို ရူပီး ကုဋေ ၅၀ ကနေ ၆၅ ကုဋေအထိ ရပါတယ်။

(၄) Aamir Khan

Aamir Khan

Photo : daily sabah

ဘောလီဝုဒ်ရုပ်ရှင်လောကရဲ့ ဩဇာအကြီးဆုံး ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ Aamir Khan ဟာ သူ့ဦးလေးရဲ့ ရုပ်ရှင်ကားမှာ ကလေးသရုပ်ဆောင်အဖြစ် စပြီး ငွေရောင်ပိတ်ကားပေါ် ရောက်လာခဲ့သူ ဖြစ်ပါတယ်။ ကိုယ်တိုင် အဓိကဇာတ်ကောင်အနေနဲ့ Leading Role မှာ သရုပ်ဆောင်ခဲ့တာကတော့ ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Qayamat Se Qayamat Tak ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်ညွှန်းသေချာ ရွေးချယ်သလို ဇာတ်ကောင်တိုင်း ရဲ့ သရုပ်ဆောင်မှုကို အသေးစိတ်ကအစ ကြပ်မတ်ကြီးကြပ်သူအဖြစ် ထင်ရှားပါတယ်။ ဒါကြောင့်ပဲ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေဟာ ဟောလီဝုဒ်ကို ကျော်ပြီး ကမ္ဘာ့ရုပ်ရှင်ဈေးကွက်မှာပါ ပေါက်ခဲ့တာပါ။ ဇီဇာကြောင်ပြီး အကောင်းဆုံးနဲ့ အပြီးပြည့်စုံဆုံး ဖြစ်ချင်သူအဖြစ် လူသိများတဲ့ မင်းသားကြီး Aamir Khan ဟာ Lagaan (2001) ၊ 3 Idiots (2009) ၊ Ghajini (2008) ၊ Taare Zameen Par (2007) ၊ PK (2014) ၊ Dhoom 3 (2013) နဲ့ Dangal (2016) တို့လို ကမ္ဘာကျော်တဲ့ အိန္ဒိယကားတွေမှာ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Padma Shri ၊ Padma Bhushan စတဲ့ သရုပ်ဆောင်မှုအတတ်ပညာ ထူးချွန်ဆုတွေ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ Aamar Khan ဟာ ရုပ်ရှင်ကားတစ်ကားကို ရူပီး ၇၅ ကုဋေ ကနေ ၈၅ ကုဋေအတွင်း ရသူလည်း ဖြစ်ပါတယ်။

(၃) Shahrukh Khan

shahrukh khan

Photo : koimoi

ဘောလီဝုဒ်ရဲ့ အချမ်းသာဆုံး မင်းသားကြီး ဖြစ်တဲ့ Shahrukh Khan ဟာ သရုပ်ဆောင်ကြေး အပြင် Commercial ကြော်ငြာရိုက်ကူးခ ရူပီး ကုဋေနဲ့ချီ ငွေဝင်နေသူ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်လွန်းလို့ သူ့ကို King Khan လို့တောင် ခေါ်ကြပါတဘ်။ Deewana ဇာတ်ကားမှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပြီး ဒီအရင်က TV စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Delhi University ကျောင်းထွက် Shahrukh Khan ဟာ ဘောလီဝုဒ်တင်မကဘဲ နိုင်ငံရပ်ခြားက ရုပ်ရှင်ချစ်သူတွေပါ ချစ်ခင်နှစ်သက်ရတဲ့ သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ နာမည်ကျော် ဇာတ်ကားအများစုထဲမှာ Chak De India ၊ My Name Is Khan ၊ Dilwale Dulhania Le Jayenge ၊ Kabhi Khushi Kabhi Gum ၊ Main Hoon Na စသည်ဖြင့် အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ Shahrukh Khan ဟာ အမြတ်ငွေရဲ့ ၄၅% မျှဝေရေး သဘောတူညီချက်နဲ့ စာချုပ် ချုပ်ခဲ့ပါတယ်။ အစောပိုင်းက သူဟာ ရုပ်ရှင်ကား တစ်ကားကို ရူပီး ကုဋေ ၅၀ ဝန်းကျင် ယူရာကနေ ရုပ်ရှင်ကားအမြတ်ပေါ်ကနေ ၄၅% ယူတဲ့ အစီအစဉ်ကြောင့် အမြတ်ငွေ အဆပေါင်းများစွာ ပိုရခဲ့တယ်လို့ ဆိုပါတယ်။

(၂) Salman Khan

Salman Khan

Photo : siasat

ဘောလီဝုဒ် ရဲ့ ဗလကြီး မင်းသားတွေထဲက တစ်ဦးလို့ Salman Khan ကို ပရိသတ်က သိကြပါတယ်။ ကိုယ်တိုင်က ရုပ်ရှင်သရုပ်ဆောင်အပြင် ထုတ်လုပ်ရေး နဲ့ အစီအစဉ် တင်ဆက်သူအဖြစ်လည်း လုပ်တာကြောင့် အချမ်းသာဆုံး ဘောလီဝုဒ်မင်းသားတွေထဲမှာ ထိပ်ဆုံးက ပါသူလည်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ သရုပ်ဆောင်လောကထဲ ဝင်ရောက်လာခဲ့ပြီး ပထမဆုံးရုပ်ရှင်က Biwi Ho Thoh Aisi ဖြစ်ပါတယ်။ Salman Khan ဟာ ရုပ်ရှင်တစ်ကားချင်းအလိုက် အမြတ်ရှယ်ယာ ရတဲ့အပြင် ဇာတ်ကားတစ်ကားကို ရူပီး ကုဋေ ၇၀-၇၅ ဝန်းကျင် ရပါတယ်။

(၁) Akshay Kumar

Akshay Kumar

Photo : deccan herald

ဘောလီဝုဒ် သရုပ်ဆောင်တွေထဲမှာ လက်ရှိ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသားကြီးကတော့ Akshay Kumar လို့ လူသိများတဲ့ Rajiv Hari Om Bhatia ဖြစ်ပါတယ်။ ကလေးဘဝက အားကစားမှာ စိတ်ဝင်စားခဲ့ပေမယ့် သရုပ်ဆောင်လောကထဲ မထင်မှတ်ဘဲ ရောက်လာချိန်မှာလည်း Akshay Kumar ဟာ ကမ္ဘာကျော်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

တိုက်ကွမ်ဒို ခါးပတ်နက်ရထားတဲ့သူဟာ Martial Arts သင်ပေးရင်းနဲ့ သရုပ်ဆောင်လောကထဲ ရောက်ခဲ့တာပါ။ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ရင်းနဲ့ သူဟာ ၁၉၉၂ မှာ Deedar ဆိုတဲ့ ရုပ်ရှင်နဲ့ စပြီး ဇာတ်ဆောင်နေရာ ရောက်ခဲ့တာ ဖြစ်ပါတယ်။ Stunt မင်းသားအဖြစ် သရုပ်ဆောင်လေ့ရှိတာကြောင့် အိန္ဒိယရဲ့ ဂျက်ကီချမ်းအဖြစ် တင်စားခံရတဲ့ သူဟာ ရုပ်ရှင်ကားတစ်ကားကို ရူပီး ၁၃၅ ကုဋေ ဝန်းကျင်ရသူလည်း ဖြစ်ပါတယ်.

Featured Photo : deccan herald