ဘောလုံး ကစားရတာ ဝါသနာပါတဲ့ အားကစားသမား တွေအတွက် နည်းစနစ်ပိုင်းဟာ အရေးကြီးသလို ကြံ့ခိုင်မှုနဲ့ သက်လုံစွမ်းအား ဟာလည်း အရေးပါ ပါတယ်။ ကွင်းထဲမှာ သွက်လက်ဖျက်လက်ပြီး စွမ်းဆောင်ရည် ပြည့်ဝနေဖို့ဆိုရင် သက်လုံကောင်းအောင် လေ့ကျင့်ထားဖို့ အများကြီး လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ သက်လုံစွမ်းအား ကို အမြင့်ဆုံးအဆင့်အထိ ရောက်အောင် ကူညီပေးနိုင်မယ့် နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Exercises ကစားပေးပါ

Photo : Runtastic

ဘောလုံး အားကစားသမား တစ်ယောက်အတွက် သက်လုံစွမ်းအား မြှင့်တင်နိုင်ဖို့ဆိုရင် လေ့ကျင့်ခန်း တွေက အထိရောက်ဆုံးပါပဲ။ Cardiovascular Exercises သို့မဟုတ် ရေကူးခြင်း ၊ ကြိုးခုန်ခြင်း ၊ ပြေးခြင်း ၊ လှေကားထစ်တက်ခြင်း ၊ ခပ်ရွရွပြေးခြင်း ၊ စက်ဘီးစီးခြင်း ၊ လှေလှော်ခြင်း စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကို နေ့စဉ် မိနစ် ၃၀ မှ ၅၀ အထိ လေ့ကျင့်ပေးပါ။ ကွီးတို့ရဲ့ အေရိုးဗစ်စွမ်းရည်ကို အတိုင်းအတာ တစ်ခုအထိ တိုးမြှင့်ခြင်းဖြင့် သက်လုံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

ဒါ့အပြင် ထိုင်ထ ၊ ဒိုက်ထိုး ၊ Lunges နဲ့ Squat Jumps တို့လို Circuit Training တွေကိုလည်း လေ့ကျင့်ခန်း တစ်ခုစီအတွက် ၁ မိနစ်ခန့်လောက် ကစားပေးပါ။ ကြွက်သားသန်စွမ်းကြံ့ခိုင်မှုနဲ့ သက်လုံအားကောင်းစေဖို့ ကူညီပေးပါလိမ့်မယ်။ နောက်ပြီး ဘော်ဒီဝိတ်ကိုပဲ အသုံးပြုပြီး ကိရိယာလွတ် ကစားရတဲ့ လေ့ကျင့်ခန်းတွေကိုလည်း ကစားပေးပါ။ ဒဏ်ရာအနာတရ ဖြစ်ခြင်းမှ ကာကွယ်နိုင်ဖို့ လေ့ကျင့်ခန်း မပြုလုပ်မီနဲ့ လေ့ကျင့်ခန်း ပြုလုပ်အပြီးမှာ အကြောလျော့ပေးဖို့လည်း အကြံပြုချင်ပါတယ်။

(၂) အပြေးလေ့ကျင့်ပါ

Photo : Steroid Shop

ဘောလုံး ကွင်းထဲမှာ တတ်နိုင်သမျှ အမြန်ပြေးနိုင်ဖို့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကြိုတင်လေ့ကျင့်ထားရန် အရေးကြီးပါတယ်။ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်ခန်းကို လေ့ကျင့်ပေးတာဟာ ကြံ့ခိုင်မှုနဲ့ သက်လုံစွမ်းအား ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကွင်းထဲမှာ သက်လုံကောင်းကောင်းနဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ ယှဉ်ပြီး ကစားနိုင်ဖို့ အပြေးလေ့ကျင့်ခန်းကို သေချာစနစ်တကျ လေ့ကျင်ပေးထားသင့်ပါတယ်။

(၃) မျှတတဲ့ စားသောက်မှုပုံစံ ရှိပါစေ

Photo : Florida Career College

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဟာ ဘောလုံးသမားတွေအတွက် သာမက အားကစားသမား တိုင်းအတွက် သက်လုံစွမ်းအားနဲ့ ကြံ့ခိုင်သန်စွမ်းမှုပိုင်းမှာ များစွာသက်ရောက်မှု ရှိပါတယ်။ အဓိကအားဖြင့် ကာဗိုဟိုက်ဒရိတ်များပြီး အဆီနည်းတဲ့ အစားအသောက်တွေကို မျှတစွာ စားသုံးပေးဖို့ လိုပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်လုံလောက်စွာ ဖြည့်တင်းနိုင်စေဖို့ တစ်နေ့ကို အနည်းဆုံး ၆ ကြိမ် ( များများ ၃ ကြိမ်နဲ့ နည်းနည်း ၃ ကြိမ်) ခန့်စားပေးပါ။ Junks Food ၊ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ သကြား ၊ အချိုရည်နဲ့ ဆိုဒါ စတဲ့ အစားအသောက်တွေကို ဝေးဝေးရှောင်ပါ။ စွမ်းအင်ဖြည့် ပါဝါဘားတွေနဲ့ အာဟာရဓာတ် ဖြည့်တင်းပေးနိုင်မယ့် ဖြည့်စွက်စာတွေကိုလည်း စားနိုင်ပါတယ်။

(၄) ရေများများသောက်ပါ

Photo : Real Men Real Style

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပါ။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ဆဲလ်တွေမှာ ရေဓာတ်ခန်းခြောက်သွားပါက စွမ်းအင်နည်းသွားတယ်လို့ ခံစားရမှာဖြစ်ပြီး ၎င်းက ကွီးတို့ရဲ့ ခံနိုင်ရည်နဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး ရေများများသောက်ပြီး ရေဓာတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။

(၅) အလွန်အကျွံ မလေ့ကျင့်ပါနဲ့

Photo : Golden Boot Striker Academy

တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘယ်အရာမှ လွန်လွန်ကျူးကျူး လုပ်တာမကောင်းပါဘူး။ ဘောလုံး အားကစားမှာလည်း ထို့အတူပါပဲ။ ကိုယ့်ကိုယ်ကို အလွန်အကျွံ လေ့ကျင့်တာမျိုး မလုပ်ပါနဲ့။ နေ့တိုင်း လေ့ကျင့်ခန်းအများကြီးလုပ်တာ ဒါမှမဟုတ် လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်တာဟာ စွမ်းအင်တွေ လုံးဝကုန်သွားမှာဖြစ်ပြီး သက်လုံစွမ်းအား ကို သိသိသာသာ ထိခိုက်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်းမှာ အနည်းဆုံး ၃ ရက် လေ့ကျင့် ၁ ရက် နားတာမျိုး လုပ်ပေးဖို့ လိုပါတယ်။ အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝ အနားယူပေးဖို့လိုပြီး ညတိုင်း ၇ နာရီကနေ ၉ နာရီအထိ အိပ်စက်ဖို့လည်း လိုအပ်ပါတယ်။

အခုဖော်ပြပေးခဲ့တာကတော့ ဘောလုံး အားကစားကို ဝါသနာပါတဲ့ ကွီးတို့အတွက် ဘောလုံးကစားတဲ့အခါ ကွင်းထဲမှာ သက်လုံစွမ်းအား ကောင်းနေစေဖို့ ထိထိရောက်ရောက် မြှင့်တင်နိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဘောလုံး ကစားနည်းဟာ သက်လုံစွမ်းအား ၊ ကြံ့ခိုင်မှု ၊ ကစားကွက်နဲ့ နည်းစနစ်ပိုင်းကလည်း အရေးကြီးတာမလို့ သေချာလေ့ကျင့်မယ်ဆိုရင် ကွင်းထဲမှာ စွမ်းဆောင်ရည် ကောင်းပြနိုင်တဲ့ ကစားသမားကောင်း တစ်ယောက်ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Featured Photo : CoachTube