ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးထဲကမှ တစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီ ဟာ သူ ပါဝင် ဆင်နွဲခဲ့တဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ ဆုဖလား အောင်မြင်မှုတွေ အသီးသီးကို ရယူထားနိုင်ခဲ့ပေမယ့် လက်ရှိအချိန်ထိ သူ မရယူနိုင်ဖူးသေးတဲ့ ဆုဖလားတစ်ခုကတော့ ရှိနေဆဲပါပဲ။ ဒီဖလားကတော့ ပြင်သစ်ဖလားပါ။

Messi

Photo Credit : FIFA

ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ တစ်ခါမှ မကျင်လည်ဖူးသေးတဲ့ လိဂ်တစ်ခုဆီ စတင် ခြေချချိန် မက်ဆီ အတွက် အခက်အခဲတွေ ရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း သူရဲ့ လီဂူးကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ သွင်းဂိုး (၆) ဂိုးသာ သွင်းယူနိုင်ခဲ့တာ။ ဒါပေမယ့် ဂိုးဖန်တီးမှုမှာတော့ (၁၅) ဂိုးတောင် ဖန်တီးနိုင်ခဲ့သေးတယ်။

Messi

Photo Credit : Forbes

မက်ဆီ က ပီအက်စ်ဂျီ ကစားသမားတစ်ဦး ဖြစ်လာတော့ ပြင်သစ်စူပါဖလားလို့ ခေါ်ရမယ့် Trophée des Champions ပွဲကို ကစားရတယ်။ နန့်စ်ကို (၄) ဂိုးပြတ်နဲ့ နိုင်ပြီး ဆုဖလား ရခဲ့တယ်။ လီဂူး အမှတ်ပေးဖလားကိုလည်း ထပ်မံ ဆွတ်ခူးနိုင်ခဲ့တယ်။ ဒါပေမယ့် ရှုံးထွက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပြင်သစ်ဖလားမှာတော့ မနှစ်က နိုက်စ်ကို ပင်နယ်တီနဲ့ရှုံးပြီး (၁၆) သင်းအဆင့်နဲ့ ပြိုင်ပွဲက ထွက်ခွာခဲ့ရတယ်။ ဒီနှစ်လည်း မာဆေးလ်ကို ရှုံးနိမ့်ပြီး (၁၆) သင်းအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Messi

Photo Credit : T-Online

ကစားသမားဘဝအတွင်း ကလပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလားနဲ့ အမှတ်ပေ ဆုးဖလား တွေအပြင် လက်ရွေးစင်အသင်းနဲ့ပါ ကမ္ဘာ့ဖလား ၊ ကိုပါအမေရိကဖလား ၊ ဥရောပ-တောင်အမေရိဖလားတို့ပါ ပိုင်ဆိုင်ထားနိုင်ခဲ့ဖူးတဲ့ (၇) ကြိမ်မြောက် Ballon d’Or ဆုရှင် မက်ဆီ အတွက် ပြင်သစ်ဖလားကတော့ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ ဆုဖလားတစ်ခုအဖြစ် ဆက်လက် ရှိနေရဆဲ ဖြစ်ပါတယ်။

ဒါကလည်း ပီအက်စ်ဂျီအသင်းအပေါ်မှာ မူတည်နေမယ်လို့ ယူဆနိုင်ပါတယ်။ လီဂူးဘက်မှာရော ချန်ပီယံလိဂ်ဘက်မှာပါ အာရုံများနေရတဲ့ ပီအက်စ်ဂျီအနေနဲ့ သူတို့အသင်းအတွက် အနိမ့်ဆုံး ဆုဖလားဖြစ်တဲ့ ပြင်သစ်ဖလား မှာ အာရုံနည်းပါးနေတာကြောင့် အခုလို နှစ်ရာသီဆက် (၁၆) သင်းအဆင့်နဲ့ ကျေနပ်နေရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မက်ဆီ သာ ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုးဖြစ်မယ်ဆိုရင် လာမယ့်ရာသီတွေမှာပါ ပြင်သစ်ဖလားကို အရ သိမ်းပိုက်ဖို့ အခွင့်အရေးတွေ ရှိနေဦးမှာ သေချာပါတယ်။

Featured Photo : The Hindu