ရီးယဲလ် မက်ဒရစ်အသင်းဆိုတာ ဟိုးယခင် နှစ်တွေကတည်းက အသင်းကို ကြယ်ပွင့် ကစားသမားတွေနဲ့ တည်ဆောက်ခဲ့ဖူးတာကို အားလုံး သတိထားမိမယ်လို့ ထင်ပါတယ်။ ဇီဒန်း ဖီဂို ရော်နယ်လ်ဒို(ဒိုကြီး) ဘက်ခ်ဟမ်းတို့ အစုအဖွဲ့ကနေ ရော်နယ်လ်ဒို ကာကာ အိုဇေး ဘန်ဇီမာတို့အထိ နောက်ပြီး ကာမာဗင်ဂါ ချူအာမန်နီ ဗင်နီစီယပ်စ် ရိုဒရီဂို နဲ့ ဘယ်လင်ဟမ်တို့လို လက်ရှိ ကမ္ဘာ့ဘောလုံးမှာ အတောက်ပဆုံး ကြယ်စင်စုတွေကို ရီးယဲလ်မှာ စဉ်ဆက်မပြတ် တွေ့မြင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

လက်ရှိ ရီးယဲလ်အသင်းရဲ့ ကြယ်စင် အစုအဖွဲ့ထဲကို ထပ်မံ ရောက်ရှိလာမယ့် ကစားသမားလေးက ဂျုဒ့်ဘယ်လင်ဟမ်ပါ။ ဘာမင်ဂမ်စီးတီးလို ချန်ပီယံရှစ် အသင်းတစ်သင်းကနေ ဒေါ့မွန်လို ထိပ်တန်း အသင်းကြီးကို ပြောင်းရွှေ့ခွင့်ရခဲ့သူ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်က အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ပါ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဆင်နွဲခွင့် ရရှိထားခဲ့သလို အဲ့ဒီပြိုင်ပွဲမှာရော သူရဲ့ လက်ရှိကလပ် ဒေါ့မွန်မှာပါ အထူးကို ခြေစွမ်းပြသနေပါတယ်။

jude england

Photo Credit : The Times

တကယ်တော့ ဒီကစားသမားလေး ဘာမင်ဂမ်မှာ ကစားနေစဉ် ကတည်းက အသင်းကြီးတွေ အပြိုင်အဆိုင် စိတ်ဝင်စားခဲ့ကြပေမယ့် ဘယ်လင်ဟမ်ကိုယ်တိုင် ဒေါ့မွန်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ရာ ဒေါ့မွန် ကစားသမား ဖြစ်သွားချိန်မှာ သူ့ကို အသင်းကြီးတွေက ပိုလို့တောင် စိတ်ဝင်စားလာကြပါတယ်။ ဒီ အင်္ဂလန် ကြယ်ပွင့်လေးကို လီဗာပူးလ် မန်ချက်စတာစီးတီးနဲ့ ယူနိုက်တက် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် အသင်းတွေအပြင် မိုဒရစ် ကရူးစ်တို့ အလွန်မှာ အသင်း ကွင်းလယ်ပိုင်းကို သွေးသစ်လောင်းရတော့မယ့် ရီးယဲလ်ကပါ အပြိုင်အဆိုင် စိတ်ဝင်တစား ရှိနေပါတယ်။

Jude Bellingham Real Madrid

Photo Credit : The Sun

ဒီလို အပြိုင် စိတ်ဝင်စားနေရာကနေ အင်္ဂလန် အသင်းတွေထက် ရီးယဲလ်က လက်ဦးမှု ရယူနိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပြီး ဘယ်လင်ဟမ်ကိုယ်တိုင် ရီးယဲလ်အသင်းရဲ့ နှစ်ရှည် စီမံကိန်းအပေါ် သဘောကျခဲ့တာကြောင့် အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူသွားခဲ့တယ်လို့ သိရပါတယ်။ ဆိုတော့ ရီးယဲလ်ကို ကစားသမားကိုယ်တိုင်ပါ ပြောင်းရွှေ့ချင်နေပြီဖြစ်လို့ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပိုင်းကိုသာ ဆက်လက် လုပ်ဆောင်ရတော့မှာပဲ ဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ဖို့လည်း အခြေအနေကောင်းနေပြီလို့ ဆိုနိုင်ပါတယ်။

Featured Photo : The Sun