ဂျေဒန် ဆန်ချိုကတော့ အဆင်မပြေမှုတွေ များစွာနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အသင်းဟောင်း ဒေါ့မွန်ဆီကို ရာသီကုန်အထိ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်သွားတယ်လို့ ယတိပြတ် ဆိုရမှာပါ။ သူ့ကို ပွဲကစားခွင့်တောင် မပေးခဲ့တဲ့ နေရာကနေ တောက်ပခဲ့ဖူးတဲ့ နေရာဆီ ပြန်သွားတဲ့ ဆန်ချိုက အခုဆိုရင်တော့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကြီးကိုတောင် ဆင်နွဲသွားရပါတော့မယ်။

jadon sancho

Photo Credit: Opta Analyst

ဆန်ချိုဟာ သူရဲ့ ကစားသမားဘဝအတွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်လောက်အထိတောင် ကစားဖူးခဲ့ခြင်း မရှိပေမယ့် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဆီမီး ပကျော့ပွဲမှာ လုံးဝ world-class ဆန်ဆန် performance မျိုး ပြသခဲ့ရင်း သူ့ကို ကလော်ထုတ်ခဲ့တဲ့ အဲရစ် တန်ဟက်ဂ်နဲ့ မန်ယူပရိသတ်တွေ လွမ်းသွားလောက်အောင် လုပ်ပြခဲ့ပါတယ်။ ဒါ့အပြင် အခုဆိုရင် ဆန်ချိုက သူရဲ့ အင်္ဂလန်မြေက ဝင်ဘလေကွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကြီးကိုပါ ယှဉ်ပြိုင်ရဦးမှာပဲ ဖြစ်ပါတယ်။

sancho man utd

Photo Credit: ESPN

ဆန်ချိုက ဒေါ့မွန်ကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းကတည်းက သူ့ကစားပုံနဲ့ ယူနိုက်တက်မှာ အံ့ဝင်နိုင်ခြင်း မရှိလို့ ဒေါ့မွန်မှာလို ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်ခဲ့ရသလို ဒီရာသီထဲမှာ နည်းပြတန်ဟက်ဂ်နဲ့ပါ မပြေလည်မှုတွေ ရှိခဲ့ရတာကြောင့် အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရပါတယ်။ ဆန်ချိုအနေနဲ့ ယူန်ိုက်တက်မှာ တန်ဟက်ဂ် ရှိနေသည်ဖြစ်စေ မရှိတော့ရင်တောင်ဖြစ်စေ ယူနိုက်တက်ဆီ ပြန်သွားဖို့ထက် အသင်းဟောင်း ဒေါ့မွန်မှာပဲ ဆက်ရှိနေဖို့က ဆန်ချိုအတွက် ဦးစားပေး ရွေးချယ်မှု ဖြစ်လာနိုင်ပါလိမ့်မယ်။

dortmund

Photo Credit: Bourssia Dortmund X

တကယ်တော့ ဒေါ့မွန်ကလည်း ဒီရာသီ ဘွန်ဒက်စ်လီဂါမှာပါ ကြောင်ပျောက်နေရင်း ချန်ပီယံလိဂ် ကြည့်တော့လည်း ပီအက်စ်ဂျီ နယူးကာဆယ် အေစီမီလန်တို့နဲ့ မရဏအုပ်စုကျပ်ကို ကျရောက်ခဲ့တာမို့ အခုလို ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားလောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်စုကျပ်မှာလည်း အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့အပြင် ဖိုင်နယ်အထိပါ တက်လှမ်းသွားခဲ့တာကတော့ ဒေါ့မွန်အသင်းရဲ့ စုစည်းမှုကောင်းတဲ့ ကစားအားကို ချီးကျူးရပါလိမ့်မယ်။ ဒီလို စွမ်းဆောင်ခဲ့တဲ့ ဒေါ့မွန်တို့ ဖိုင်နယ်မှာ ရီးယဲလ် ဒါမှမဟုတ် ဘိုင်ယန် ဘယ်အသင်းနဲ့ပဲ ဆုံရဆုံရ ဆီမီးမှာ ပီအက်စ်ဂျီကို ဖြတ်ကျော်ခဲ့တဲ့ ပုံစံမျိုးနဲ့ အကောင်းဆုံး ရင်ဆိုင်သွားဖွယ်လည်း ရှိနိုင်ပါတယ်။

Featured Photo: SPORTbible