လီဗာပူးလ် အသင်းရဲ့ အန်ဖီးလ်ကွင်းဟာ တခြားသော ဘောလုံးအသင်းတွေအတွက် အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေသလို အထူးသဖြင့်တော့ သူတို့ရဲ့ ခါးသီးပြိုင်ဘက် မန်ယူနိုက်တက်အသင်းအတွက် ပိုပြီးတော့ကို နေရာဆိုးကြီးတစ်ခုလို ဖြစ်နေရပါတယ်။ မနေ့ညက အန်ဖီးလ်မှာ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ် တို့က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ မန်ယူ နိုက်တက် (၇)ဂိုး ဂိုးမရှိဆိုသော အံ့အားသင့်စရာ ရလဒ်ကြီးနဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

liverpool beats manutd

Photo Credit : Twitter

အင်္ဂလန်ဒါဘီ အနောက်မြောက်ဒါဘီ စသဖြင့် အမျိုးမျိုး ခေါ်ဆိုတတ်ကြတဲ့ လီဗာပူးလ် နဲ့ မန်ယူ နိုက်တက်တို့ ပွဲစဉ်ဟာ ဒီပွဲစဉ်အပေါ် ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကြည့်ရှုနေကြတဲ့ ဘောလုံးပရိသတ်တိုင်း ဘယ်လိုမှ မထင်မှတ်ထားတဲ့ (7-0)ဆိုတဲ့ ပွဲပြီဆုံးသွားခဲ့ရပါတယ်။ ယူနိုက်တက်က ဒီရာသီရဲ့ ပထမဆုံး အဝေးကွင်းပွဲမှာ ဘရန့်ဖို့ဒ် (၄)ဂိုးပြတ်နဲ့ ရှုံးခဲ့ပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲတိုင်း အမြဲတမ်း ဂိုးသွင်းနိုင်တဲ့ တိုက်စစ်က အခုပွဲမှာ အိမ်ရှင်အသင်းကို တစ်ဂိုးမှတောင် ပြန်မချေနိုင်တော့ပဲ (7-0) ဆိုတဲ့ ရလဒ်နဲ့သာ အရှုံးပေးခဲ့ရပါတယ်။

gakpo salah nunez

Photo Credit : Twitter

လီဗာပူးလ်က ချန်ပီယံလိဂ်မှာ ရီးယဲလ်ကို အန်ဖီးလ်ကွင်းထဲ အရှုံးပေးခဲ့ရပေမဲ့ ပရီးမီးယားလိဂ်ဘက်မှာတော့ လိဒ်စ် တစ်သင်းတည်းကိုသာ ရှုံးထားခဲ့ပြီး အခုလည်း ဆာလာ ဂက်ပို နူးနက်ဇ်တို့ရဲ့ တိုက်စစ်အစုအဖွဲ့ရဲ့ သွင်းဂိုးများနဲ့ ဂိုးပြတ် နိုင်ပွဲရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမို အားကောင်းလာခဲ့ရပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်လို လတ်တလောမှာ form ကောင်းနေတဲ့ အသင်းမျိုးကိုမှ အခုလို ခြေအသာ ဂိုးအသာ အပီဖြုတ်လိုက်နိုင်ခြင်းက သူတို့အသင်းရဲ့ mental ပိုင်းရော ယုံကြည်မှုပိုင်းကိုပါ မြင့်တင်ပေးလိုက်သလို ဖြစ်လာနိုင်လို့ ဘာနေဗျူးကွင်းမှာလည်း ဘယ်လို အံ့သြစရာကောင်းတဲ့ ရလဒ်တွေ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

gakpo

Photo Credit : Twitter

အခု ရက်သတ္တပတ်ကတော့ စပါး နယူးကာဆယ်တို့လို အသင်းတွေ ရှုံးပွဲ ကိုယ်စီ ကြုံတွေ့ခဲ့ရသလို မန်ယူ နိုက်တက်ကလည်း လီဗာပူးလ်အသင်းရဲ့ အပြတ်အသတ် အနိုင်ယူတာ ခံလိုက်ရလို့ လီဗာပူးလ်ဟာ တဖြည်းဖြည်းနဲ့ top-four နေရာအတွက် အနီးစပ်ဆုံး စပါးကို ဖိအားပေးလာနိုင်ပြီ ဖြစ်သလို ရလဒ်တွေ ဆိုးလာတဲ့ နယူးကာဆယ်ကိုလည်း ကျော်တတ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုအတွက် အာဆင်နယ် နဲ့ မန်စီးတီးက အပြိုင်အဆိုင် ဖြစ်လာနိုင်ပြီး အဆင့်(၃)(၄)နေရာအတွက်ကိုတော့ ယူနိုက်တက် စပါး လီဗာပူးလ် နယူးကာဆယ်တို့ အပြိုင်လုရဖွယ် ရှိနိုင်ပါတယ်။

Featured Photo : Twitter