လီယွန်နယ် မက်ဆီ အနေနဲ့ သူ့ ကစားသမားဘဝအတွင်းမှာ ဂိုးမသွင်းယူနိုင်ဖူးသေးတဲ့ ကလပ်အသင်းတွေထဲမှာ လီဂူးကလပ် မာဆေးလ် အသင်းလည်း ပါဝင်နေပါတယ်။ ပီအက်စ်ဂျီ အသင်းသားအဖြစ်နဲ့ မာဆေးလ်အသင်းကို ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်(၄)ပွဲအတွင်း မက်ဆီက တစ်ဂိုးမှ မသွင်းယူနိုင် ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှကို မလုပ်ဆောင်ထားနိုင်တာမို့ ဒီနေ့ည မာဆေးလ်နဲ့ (၅)ကြိမ်မြောက် တွေ့ဆုံရမဲ့ ပွဲစဉ်မှာ တစ်ခုခု လုပ်ပြသွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

messi

Photo Credit : GSP

မက်ဆီက ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း (၂၇)ပွဲ ပါဝင်ကစားထားပြီးနောက် (၁၆)ဂိုး သွင်းယူနိုင်သလို ဂိုးဖန်တီးမှုလည်း (၁၄)ကြိမ် လုပ်ဆောင်ထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကထက် ပိုမို သာလွန်တဲ့ စွမ်းဆောင်ရည်တွေကို လုပ်ဆောင်ထားနိုင်တဲ့ မက်ဆီ ဟာ အသင်းကို ဆုဖလားတွေ ရယူပေးသွားဖို့ ဆန္ဒရှိနေပြီး လီဂူးအမှတ်ပေးဖလားကိုလည်း (၂)ရာသီဆက်တိုက် ရယူပေးနိုင်ဖို့အတွက် အနီးစပ်ဆုံး ပြိုင်ဘက်အသင်းတွေကို အမှတ်ဖြတ်တောက်ထားဖို့ကလည်း လိုအပ်လာခဲ့ပါတယ်။

messi vs marseille

Photo Credit : Marca

လက်ရှိ လီဂူးအမှတ်ပေးဇယားမှာ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းက ဒုတိယနေရာမှာ ရပ်တည်နေတဲ့ မာဆေးလ် အသင်းကို (၅)မှတ်အသာနဲ့ ဖြတ်တောက်ထားနိုင်ခဲ့တာ ဖြစ်ပေမဲ့လည်း ဒီနေ့ညမှာပဲ မာဆေးလ်နဲ့ ပီအက်စ်ဂျီအသင်းတို့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာဖြစ်လို့ တကယ်လို့ ပီအက်စ်ဂျီသာ ခြေချော်လက်ချော် ဖြစ်ခဲ့မယ်ဆိုရင် နှစ်သင်းကြား အမှတ်ကွာဟမှုက အလွန် နီးကပ်သွားမှာ ဖြစ်သလို ချန်ပီယံဆုအတွက် ပိုမို ဖိအားဝင်လာနိုင်ပါတယ်။ ဒါ့အပြင် မက်ဆီ အနေနဲ့ကလည်း မာဆေးလ်နဲ့ တွေ့ဆုံရတိုင်းလိုလိုမှာ ဂိုးမသွင်းနိုင် ဂိုးမဖန်တီးနိုင်မှုတွေကို အဆုံးသတ်နိုင်ဖို့ပါ လိုအပ်လာခဲ့ပါတယ်။

Messi lại lỡ hẹn với Cúp Quốc gia Pháp - Thể thao

Photo Credit : Zing

မက်ဆီ ဂိုးမသွင်းယူနိုင်ဖူးတဲ့ ပြင်သစ်ကလပ်အသင်းတွေထဲမှာ မာဆေးလ် ရန်းစ် Reims နဲ့ စိန့်အက်တီယန်တို့ ပါဝင်လို့နေပြီး လက်ရှိမှာတော့ စိန့်အက်တီယန်က လီဂူးတူးကို ရောက်ရှိနေပြီဖြစ်လို့ မာဆေးလ် ရန်း Reims အသင်းတွေကို ဂိုးသွင်းနိုင်ယူဖို့ အခွင့်အရေး ရှိနေသေးပြီး သူတစ်ခါမှ မရယူဖူးသေးတဲ့ ပြင်သစ်ဖလားကနေ ထွက်ခွာရအောင် လုပ်ဆောင်ထားခဲ့တဲ့ မာဆေးလ် အသင်းကို သူရဲ့သွင်းဂိုးတွေနဲ့ ကလဲ့စား ပြန်ချေပြသွားမလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရပါမယ်ခင်ဗျာ။

Featured Photo : Sportskeeda