အင်္ဂလန် ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ ဂျိုးကိုး က လီယွန်နယ် မက်ဆီ အနေနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူး ရရှိလိုက်ခြင်းကြောင့် သူရဲ့မဟာပြိုင်ဘက် ခရစ္စတီယာနို ရော်နယ်လ်ဒို ကိုသာမကပဲ သူရဲ့ အာဂျင်တီးနား စီနီယာကြီးဖြစ်တဲ့ ဒီယေဂို မာရာဒိုနာကိုပါ ကျော်လွန်သွားနိုင်ခဲ့ပြီလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

messi ronaldo

Photo Credit : Goal

ဘောလုံးပရိသတ်တွေ ဘောလုံးအသိုင်းအဝိုင်းတွေကြားမှာ မက်ဆီ ရော်နယ်လ်ဒို ဘယ်သူ အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းတွေအပြင် အာဂျင်တီးနားအတွက် မက်ဆီ ၊ မာရာဒိုနာ ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေခဲ့သလို အဖြေတွေတိုင်းဟာ အမျိုးမျိုး ကွဲလွဲနေတတ်ကြပါတယ်။ ဒါပေမယ့် မက်ဆီ-ရော်နယ်လ်ဒိုဆိုတဲ့ debate ကတော့ မက်ဆီ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့ချိန်မှာပဲ အဆုံးသတ်သွားခဲ့ရတဲ့အပြင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ အောင်မြင်ခဲ့တဲ့ မှတ်တမ်းတွေကြောင့်ပါ မက်ဆီ ဟာ သူရဲ့ပြိုင်ဘက် ရော်နယ်လ်ဒိုထက်သာမကပဲ အာဂျင်တီးနားနိုင်ငံရဲ့ legend ကြီးတစ်ဦးဖြစ်သူ မာရာဒိုနာထက်ပါ သာလွန်နေပြီလို့ ဂျိုးကိုးက သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : Eduzim

“အငြင်းအခုံတစ်ခုက အမြဲ ရှိနေတတ်ပါတယ်။ သူ့အိပ်ရာထဲကို ယူဆောင်လာခဲ့တဲ့ဟာ(ကမ္ဘာ့ဖလားကို ဆိုလိုခြင်း ဖြစ်ပါတယ်)က ဒီဘက်ခေတ်ရဲ့ အငြင်းအခုံတစ်ခုကို အဆုံးအဖြတ် ပေးသွားနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူက အရာအားလုံးကို ပိုင်ဆိုင်နိုင်ခဲ့လို့ပါပဲ။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အစမှာတော့ ရုန်းကန်ခဲ့ရပြီး လူတွေကလည်း သူရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းတွေ ထုတ်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ သူ လုပ်ပြနိုင်ခဲ့တယ်။ ကျွန်တော် သူ့လို ကစားသမားမျိုးကိုလည်း လုံးဝ မမြင်ဖူးပါဘူး။ သူ့ကို ဘောလုံးသမိုင်းကြောင်း တစ်လျှောက်လုံးရဲ့အကောင်းဆုံးသော ကစားသမားတစ်ယောက်လို့ ထင်မိပါတယ်။ သူက ရော်နယ်လ်ဒို မာရာဒိုနာတို့ရဲ့ အထက်မှာလည်း ရပ်တည်နေပါပြီ” လို့ ဂျိုးကိုးက ပြောဆိုသွားခဲ့ပါတယ်။ ဂျိုးကိုးက ပီလီ တစ်ဦးတည်းသာ မက်ဆီ နဲ့ နှိုင်းယှဥ်လို့ ရနိုင်တဲ့သူလို့ပါ သုံးသပ်သွားခဲ့ပါတယ်။

maradona leo cr7

Photo Credit : Sportskeeda

လက်ရှိမှာတော့ မက်ဆီ ဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းလို့နေပြီး ဒီရာသီအကုန်မှာပဲ သူနဲ့ ပီအက်စ်ဂျီတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ပီအက်စ်ဂျီဘက်က မက်ဆီနဲ့ သက်တမ်း ထပ်တိုးလို့ရအောင် ကြိုးပမ်း လုပ်ဆောင်လို့နေပါတယ်။

Featured Photo : Daily Mail