မန် ယူနိုက်တက် အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသင်းခေါင်းဆောင် တာဝန်ကို လက်ရှိ အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ထက် တခြားသော ကစားသမားတွေကိုသာ ပြောင်းလဲ တာဝန်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

man utd captains

Photo Credit : The Mirror

Daily Mail သတင်းစာရဲ့ သတင်းထောက် Chris Wheeler က ယူနိုက်တက် အသင်းဟာ လာမယ့် ဘောလုံးရာသီမှာပဲ အသင်းခေါင်းဆောင် အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး မက်ဂွိုင်းယား ဖာနန်ဒက်စ်တို့ထက် ဒီဂီယာ ဗာရန်းနဲ့ ကက်စီမဲရိုးတို့ကို ချိန်ရွယ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ မန်ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်ဂ်ဟာလည်း ထိန်းချုပ် ကစားဟန်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့ပြီး အဲ့ဒီမှာ ဘောလုံးကို စွဲမြဲစွာ ပိုင်ဆိုင်ထားဖို့ ဦးစားပေးထားသလို ဘောလုံး ပိုင်ဆိုင်ထားချိန်မှာလည်း ဉာဏ်ကို ပိုပြီး သုံးတတ်တဲ့ ပုံစံနဲ့ ကစားသွားတာမျိုးကို လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Bruno

Photo Credit : The Mirror

ဒါမျိုးတွေက လက်ရှိ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ပွဲအများစုကို တာဝန်ယူနေရတဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် အမြဲတမ်း မပြသနိုင်ခဲ့တဲ့ အရာတွေ ဖြစ်နေတဲ့အပြင် နောက်ထပ် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကလည်း အသင်းမှာ ဆက်ရှိဖို့ မသေချာတော့တဲ့အတွက် အသင်းခေါင်းဆောင် လက်ပတ်က ယူနိုက်တက်ရဲ့ အခြားသော ကစားသမားတစ်ဦးဦးစီ တာဝန် လွှဲပြောင်းခံရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လီဗာပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်တဲ့ ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ရဲ့ အပြုအမှုများစွာက မေးခွန်းထုတ်ချင်စရာ ဖြစ်ခဲ့ရပါသေးတယ်။ လက်ရှိ အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာနိုင်ဖွယ် ရှိနေသူတွေကတော့ အသင်းနဲ့ သက်တမ်းအရင့်ဆုံး ကစားထားသူ ဂိုးသမား ဒီဂီယာ ရီးယဲလ်အသင်းနဲ့ ဘောလုံးအတွေ့အကြုံပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ နောက်ခံလူ ဗာရန်းနဲ့ ကွင်းလယ်လူ ကက်စီမဲရိုးတို့ပဲ ဖြစ်ပါတယ်။

casemiro

Photo Credit : Stretty News

ဒီ shortlist ထဲ ပါဝင်လာသူတွေထဲကမှ အသက်(၃၁)နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်ကစားသမား ကက်စီမဲရိုးက မန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ပိုမို ဖြစ်လာသင့်ပြီး အသင်းအပေါ် သူရဲ့ ဦးဆောင်နိုင်မှုနဲ့ လွှမ်းမိုးနိုင်မှု အနိုင်ရလိုစိတ် ပြင်းပြမှုတွေက အသင်းကို လမ်းကြောင်းမှန်ပေါ် တွန်းတင်ပေးနိုင်တဲ့ လက္ခဏတွေ ဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့် ရာသီထဲ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို လက်ရှိ ကစားသမားတွေကပဲ ဆက်ဝတ်ခွင့်ရမလား ဒါမှမဟုတ် အသင်းခေါင်းဆောင်အသစ်ကိုပဲ မြင်တွေ့လာရမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။

Featured Photo : SPORTbible