ကလပ်အသင်းတွေ ပြန်ကစားပြီဆိုတဲ့ စနေနေ့ရဲ့ ညနေ(၆)နာရီမှာပဲ မန်စီးတီး နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲကြီးပွဲကောင်းကို စတင် ကြည့်ရှုခဲ့ရပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် အရေးပါနေတဲ့ပွဲ ဖြစ်နေတာကြောင့်လည်း စိတ်လှုပ်ရှားခဲ့ရပေမယ့် အိမ်ရှင် စီးတီးက ဒီရာသီမှာ အဝေးကွင်းရလဒ် မကောင်းတတ်တဲ့ လီဗာပူးလ်ကို (4-1) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားပါတယ်။

Guardiola vs Klopp

Photo Credit : The Guardian

ဒီနောက်ပိုင်းနှစ်တွေမှာ အဓိက ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတဲ့ မန်စီးတီး နဲ့ လီဗာပူးလ် ၊ ဂွာဒီယိုလာ နဲ့ ကလော့ပ်တို့ရဲ့ အားပြိုင်မှုမှာ ဂွာဒီယိုလာရဲ့ possession game က ကလော့ပ် ကောင်တာ တိုက်စစ်ထက် ပိုပြီး အလုပ်ဖြစ်သွားခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ဟာလန်း ပေါင်ခြံဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပဲ ဟာလန်းနေရာ အဲလ်ဗာရက်ဇ် အကောင်းဆုံး အစားဝင် ကစားနိုင်ခဲ့သလို ဂရီးလစ်ရှ်ဟာလည်း အတော်လေး ခြေပေါ်ခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ခံစစ်ပိုင်းမှာ အားနည်းမှုတွေ ဖြစ်ခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ပေးဂိုး(၃)ဂိုးအထိကို ခွင့်ပြုပေးခဲ့ရသလို တစ်ဂိုးသွင်းပြီးမှ အခုလို ဂိုးတွေ ပြန်ခွင့်ပြုရင်း ရှုံးပွဲတွေ့ရတာမို့ ပိုအထိနာခဲ့ရတယ်။

city won

Photo Credit : ESPN’s Twitter

ဒီရှုံးပွဲကြောင့် လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် top 4 နေရာ မျှော်လင့်ချက်အတွက်က ထိခိုက်သွားခဲ့ရပြီး ခက်ခက်ခဲခဲနဲ့ ကြိုးပမ်းသွားရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာကတော့ ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ဇယားထိပ်က အာဆင်နယ်ကို ဆက်လက် ဖိအားပေးနိုင်ဆဲ ဖြစ်နေရပြီး ဟာလန်း ဖိုဒန် ဝေါ်ကာတို့လို အဓိက ကစားသမားတွေ မပါဝင်ချိန်မှာတောင် အသင်းက အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာဟာလည်း စီးတီးအတွက်တော့ တကယ့်ကို အားရစရာကောင်းပါတယ်။

pep vs mikel

Photo Credit : Marca

ဂွာဒီယိုလာအနေနဲ့ စီးတီးကို အရေးကြီးတဲ့ အနိုင်(၃)မှတ် ရယူပေးနိုင်ချိန်မှာ သူရဲ့တပည့်ကျော် အာတီတာကလည်း အာဆင်နယ်အသင်းကို လိဒ်စ်နဲ့ပွဲ ပရီးမီးယားလိဂ် နိုင်ပွဲ (၇)ပွဲဆက်တိုက်အဖြစ် နိုင်ပွဲ ရယူပေးနိုင်ခဲ့ပြန်တာကြောင့် စီးတီးထက် (၁)ပွဲသာ (၁၀)မှတ်အကွာနဲ့ ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရှေ့က အသကုန် သုတ်ခြေတင် ပြေးနေတဲ့ အာတီတာက ခြေချော်နိုင်မလား ဒါမှမဟုတ် သူ့နောက်ကို အမှီလိုက်နောက်တဲ့ ဂွာဒီယိုလာကပဲ လိုက်ရင်းပြေးရင်းနဲ့ ခြေခေါက်လဲသွားမလားဆိုတာ ဆက်လက် စောင့်ကြည့်ရပါမယ်။

Featured Photo : ESPN’s Twitter