မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် က အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ် ရပ်ရှ်ဖို့ဒ် ရဲ့ တိုက်စစ် စွမ်းဆောင်ရည်တွေကို ချီးမွှမ်း ပြောဆိုလာခဲ့ပြီး ရပ်ရှ်ဖို့ဒ်က လက်ရှိ ဥရောပရဲ့ အကောင်းဆုံးသော တိုက်စစ်မှူးတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်တယ်လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။

Rashy

Photo Credit : The Mirror

အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၅)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရပေမယ့်လည်း ဒီရာသီမှာတော့ နည်းပြ တန်ဟက်ဂ် လက်ထက် ပြန်လည် တောက်ပလာခဲ့ရပြီး ဘောလုံးရာသီ တစ်ဝက်ကျော်လောက်မှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအရေအတွက်က (၂၁)ဂိုးအထိကို ဖြစ်လာခဲ့ပါတယ်။

Rashy-Bruno

Photo Credit : Football365

ဒီနှစ်ဘောလုံးရာသီ မန်ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေအားလုံး ပါဝင် ကစားထားခဲ့တဲ့ ရပ်ရှ်ဖို့ဒ် ဟာ (၂၃)ပွဲအတွင်း (၁၂)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဟာလန်း ၊ ဟာရီကိန်းနဲ့ တိုနေးတို့ပြီးရင် ဒီရာသီရဲ့ စတုတ္ထမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသလို ၂၀၂၂ကမ္ဘာ့ဖလားကြီး ပြီးဆုံးသွားလို့ ကလပ်အသင်းပွဲတွေ ပြန်လည်စတင်ချိန်ကနေ လက်ရှိအချိန်ထိ မန်ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားရင်း (၁၃)ပွဲအထိ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Rashford-Ten Hag

Photo Credit : Manchester Evening News

ဒီလို ပုံစံကောင်းတွေ ပြသနေတဲ့ ရပ်ရှ်ဖို့ဒ်ကို မန်ယူနိုက်တက် နည်းပြ တန်ဟက်ဂ် က “ရပ်ရှ်ဖို့ဒ်က ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲကမှ တစ်ဦးဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ သူ့ကို ပထမဆုံး တွေ့ရှိလိုက်ကတည်းက ဒီလို ယုံကြည်ပြီးသားပါ။ ကျွန်တော် သူနဲ့ တွဲပြီး အလုပ်လုပ်ကိုင်ရတာကို အရမ်း စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် သူ့ဆီကနေ အကောင်းဆုံးတွေ ပိုပြီး ထုတ်ပေးနိုင်ပါဦးမယ်။ သူက တကယ့်ကို အလားအလာကောင်းတွေ ရှိနေတဲ့ ကစားသမားမျိုးပါ” လို့ ချီးမွှမ်းသွားခဲ့ပါတယ်။ အခုလို မန်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးသော စွမ်းဆောင်မှုတွေကို ပြသလို့နေတဲ့ ရပ်ရှ်ဖို့ဒ် လာမယ့် ကြာသပတေးနေ့မှာတော့ နူးကမ့်ကွင်းမှာ ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲကို ဆင်နွဲရတော့မှာဖြစ်လို့ အဲ့ဒီပွဲစဉ်မှာရော သူရဲ့ ဂိုးသွင်းစွမ်းရည်တွေ ထပ်မံ ပြသနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Featured Photo : Twitter