ဒီဆောင်းပါးလေးက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ဖို့ အချိန်သီးသန့် မပေးနိုင်ဘူးဆိုတဲ့ ကွီးတို့အတွက်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးများတယ်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်အများစုက အလုပ်များလို့ ၊ အချိန်မရလို့ စသည်ဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို တွန့်ဆုတ်ရှောင်ဖယ် နေတက်ပါတယ်။ တကယ်တော့ ကွီးတို့ရဲ့ တစ်နေ့တာမှာ အချိန်သီးသန့်ပေးစရာမလိုပဲ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) အကြောလျော့ပါ

Photo : Ergo Impact

အကြောလျော့ခြင်းက ကွီးတို့ရဲ့ခန္ဓာကိုယ်တစ်လျှောက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး အရိုးအဆစ် ကြွက်သားတွေရဲ့လှုပ်ရှားမှုကို မြှင့်တင်ပေးကာ ဒဏ်ရာမရအောင်လည်း ကူညီပေးနိုင်ပါတယ်။ အကြောလျော့ လေ့ကျင့်ခန်း လုပ်ဖို့ သီးသန့်အချိန်ရယ်လို့ ပေးစရာမလိုသလို မည်သည့်နေရာမှာမဆို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ နောက်ဆုံး ကွီးတို့ရဲ့ အလုပ်စားပွဲမှာတင် ထိုင်ရာမထပဲ အကြောလျော့ လေ့ကျင့်ခန်းတချို့ကို ပြုလုပ်နိုင်ပါတယ်။

(၂) ၁ မိုင် စည်းမျဉ်း လိုက်နာပါ

Photo : Pexels

လေ့ကျင့်ခန်းလုပ်ဖို့ သီးသန့်အချိန်မပေးနိုင်တဲ့ သူတွေအတွက် ၁ မိုင် စည်းမျဉ်းက အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ ၁ မိုင် စည်းမျဉ်းဆိုတာ ကတော့ တစ်ရက်ကို ၁ မိုင် ခန့် လမ်းလျှောက်ဖို့ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ၁ မိုင်ဆိုတဲ့ အကွာအဝေးဟာ သိပ်ပြီး မများပါဘူး။ ပျှမ်းမျှအားဖြင့် ၁ မိုင်ခရီးကို လမ်းလျှောက်ခြင်းဟာ အချိန်အားဖြင့် ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်သာ ကြာမြင့် နိုင်ပါတယ်။ ကွီးတို့ အလုပ်သွား / အလုပ်ပြန်ချိန်မှာတင် ၁ မိုင် စည်းမျဉ်းကို ပြုလုပ်နိုင်ပါတယ်။

(၃) ခပ်ရွရွပြေးပါ

Photo : Men’s Journal

ညနေခင်းမှာ အိမ်မွေးခွေးလေးတွေနဲ့ လမ်းလျှောက်ထွက်ရင်းလည်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။ ဒါကတော့ ခပ်ရွရွပြေးခြင်းပါပဲ။ ခွေးလေးတွေ ထိန်းကျောင်းရင်း ခပ်ရွရွပြေးတာဟာ သီးသီးသန့်သန့် ပြုလုပ်စရာမလိုတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ခပ်ရွရွပြေးဖို့ အဆင်မပြေဘူးဆိုရင်တောင် လမ်းကို ခပ်သွက်သွက်ခပ်မြန်မြန်လျှောက်လို့ ရပါတယ်။

(၄) လမ်းလျှောက် မီတင်ပြုလုပ်ပါ

Photo : Sportlife

တနေ့တာကို ရုံးမှာ အချိန်အများကြီးပေးထားရတဲ့ ဝန်ထမ်းတွေအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုက လမ်းလျှောက်မီတင် (Walking Meeting) ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ Apple ရဲ့ ဖခင်ကြီး Steve Jobs က သူရဲ့ဝန်ထမ်းတွေနဲ့အတူ Walking Meeting ပြုလုပ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။ လမ်းလျှောက်မီတင် ပြုလုပ်တာဟာ ကိုယ်လက်လှုပ်ရှား ဖြစ်စေရုံသာမက ဝန်ထမ်းတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုလည်း တိုးတက်စေနိုင်ပါတယ်။

(၅) အိမ်သန့်ရှင်းရေးလုပ်ပါ

Photo : Polamel

အိမ်သန့်ရှင်းရေး လုပ်တာဟာ ချွေးထွက်များစေပြီး လှုပ်လှုပ်ရှားရှား ဖြစ်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းနည်းတစ်ခု ဖြစ်ပါတယ်။ အချိန်အများကြီးပေးစရာမလိုပဲ ၁၅ မိနစ်လောက် တံမြက်စည်းလှဲတာ ၊ အိုးခွက်ပန်းကန်တွေ ဆေးကြောသန့်စင်တာ ၊ ပန်းပင် ရေလောင်းတာ ၊ ခြံရှင်းတာ ၊ ကားရေဆေးတာ စသည်ဖြင့် လုပ်နိုင်ပါတယ်။

Featured Photo : Runtastic