ပြီးခဲ့တဲ့ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ပထမပိုင်း ပွဲချိန်ထဲမှာပဲ ဒဏ်ရာ ရရှိသွားခဲ့ပြီး လူစားပါ လဲလိုက်ရပြီး ကွင်းထဲကနေ ထမ်းစင်နဲ့ပါ ခေါ်ဆောင်သွားခဲ့ရတဲ့ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီ ဟာ အနည်းဆုံး (၂)လခန့်လောက်အထိကို အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။
Photo Credit : Youtube
ယူနိုက်တက်ရဲ့ ဘရာဇီးလ် winger အန်တိုနီဟာ ဒီရာသီမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက်ကိုလည်း ပွဲပေါင်းများစွာ ပါဝင် ကစားပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်အတွက် ပွဲထွက် ကစားပေးရင်းနဲ့ ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ရင်း မတ်တပ်ရပ်ဖို့ပါ ခက်ခဲတဲ့ အခြေအနေမျိုးအထိ ဖြစ်လာရတာကြောင့် ပွဲကိုလည်း ဆက်လက် မကစားနိုင်တော့ပဲ ထမ်းစင်နဲ့ပါ ကွင်းအတွင်းကို ခေါ်ဆောင်သွားရပါတယ်။
Photo Credit : The Times
အန်တိုနီရဲ့ ဒဏ်ရာ အခြေအနေဟာ လက်ရှိ အချိန်ထိ အတိအကျ မသိရှိရသေးပေမယ့် ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ ပြင်းထန်နိုင်တယ်လို့ မှတ်ချက်ပြုထားခဲ့တယ်လို့ အင်္ဂလန် မီဒီယာ တော်တော်များများမှာလည်း အနည်းဆုံး (၂)လဝန်းကျင်လောက်အထိ အနားယူသွားရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သေချာတာကတော့ အန်တိုနီအနေနဲ့ အသင်းရဲ့ ရာသီနောက်ဆုံးပွဲနဲ့ မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်ပွဲကိုပါ လုံးဝ လွဲချော်သွားရတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Stretty News
အသက် (၂၃)နှစ်အရွယ် ကစားသမားဟာ သူရဲ့အသင်းဟောင်း အေဂျက်စ်မှာ ကစားခဲ့စဉ်ကတည်းက အခုလို ခြေချင်းဝတ် ဒဏ်ရာမျိုး ရရှိခဲ့ဖူးပြီး အခု ထိခိုက်မိတာကလည်း ဒီဒဏ်ရာဟောင်းလို အလားတူ ပြန်လည် ခံစားရတာ ဖြစ်နိုင်ကြောင်း သုံးသပ် ဖော်ပြနေလျက် ရှိပါတယ်။ အန်တိုနီရဲ့ ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ (၄၄)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၈)ဂိုး သွင်းယူပေးထားနိုင်သလို ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။
Featured Photo : The Sun